Breaking News

မိဘအဆင့်

parent-and-children

မိဘများကို အဆင့်ခွဲလိုက်ပါတယ်။ အပျော်အပါးအတွက်၊ ဂုဏ်အတွက် ပိုက်ဆံကို ရက်ရက်ရောရော အသုံးပြုပြီး ကလေးများပညာရေးအတွက် ငွေကြေးကပ်စေးနည်းတဲ့ မိဘများကို တွေ့ဖူးပါတယ်။ အဲဒီမိဘမျိုးကို ဒီဇယားထဲမှာ ထည့်သွင်းမထားပါဘူး။ ဆိုလိုတာ မိဘအဆင့်မရှိတဲ့သဘောပါ။
၁။ ငွေကြေးအကုန်ခံပေးသောမိဘအဆင့်
ကလေးကို ကြည့်ရှုဖို့ အချိန်မပေးနိုင်ဘူး။ ပိုက်ဆံရှာရတာ သိပ်မောတယ်။ ပိုက်ဆံကုန်တာ ကိစ္စမရှိဘူး၊ ကလေးရဲ့ ပညာရေးကို စိတ်ချလက်ချ မျက်နာလွှဲခဲ့ချင်တယ် ဆိုတဲ့ မိဘအမျိုးအစားပါ။ ကလေးကို ကျောင်းတစ်ခါတစ်လေ ပို့ရင်လည်း ဟိုဟိုဒီဒီ ပြောတာကို နားစွင့်ပြီး ကျောင်းကို အပြစ်တင်မယ်။ ဆရာဆရာမကို အပြစ်တင်မယ်။ ကလေး အပေါင်းအသင်းကို အပြစ်တင်မယ်။ ငါတို့ ပိုက်ဆံအကုန်ခံထားတာပဲ။ မင်းတို့ ငါတို့ကလေးကို ထူးချွန်အောင်လုပ်ပေးဖို့ တာဝန်ရှိတဲ့သဘောမျိုးဖြင့် ကောက်ချက်ချတတ်ပါတယ်။ အချို့မိဘများကျတော့ ကျောင်းတက်တဲ့ အရွယ်မို့ ကျောင်းထားတာပါ။ စာတော်တာမတော်တာ သိပ်အရေးမစိုက်ပါ။ မိဘမှာပိုက်ဆံရှိတယ်။ မိဘအမွေကို ဆက်ခံလိုက်ရုံပဲ ဆိုတာမျိုးကို လက်ခံထားပါတယ်။
၂။ အချိန်အကုန်ခံပေးသောမိဘအဆင့်
ဒီအဆင့်မိဘများ အောင်မှတ်နီးကပ်နေပါပြီ။ ကလေးများကို အိမ်ဖေါ်နဲ့ ပစ်မထားရက်တဲ့ မိဘများပါ။ မိဘများဟာ ကလေးများရဲ့ လက်ဦးဆရာဆိုတာကို နားလည်ထားကြပါတယ်။ တစ်ရက်တစ်ရက် သားသမီးများနဲ့ အနည်းဆုံး နာရီဝက်ခန့် စကားပြောပေးတာ အင်မတန်အရေးကြီးပါတယ်။ ကလေးရဲ့ ကြီးပြင်းမှုသဘာဝအရ တစ်နှစ်နဲ့ တစ်နှစ် များစွာကွာခြားတာကို သတိပြုမိလာပါလိမ့်မယ်။ ကိုယ့်ကလေး ဘာကိုစဉ်းစားနေတယ်။ ဘာကြောင့်အဲလို စဉ်းစားတယ်ဆိုတာကို သိသွားရင် အကောင်းဘက်ဆိုရင် အားပေးအားမြောက်ပြုနိုင်ပြီး အဆိုးဘက်ဆိုရင်လည်း အနာသိတော့ ဆေးရှိတဲ့သဘောပါ။
၃။ မိမိကိုယ်ကို မိမိလေ့လာသော မိဘအဆင့်
သားသမီးကို အချိန်ပေးတော့ သားသမီးလိုအပ်ချက်ကို သိလာတယ်။ သားသမီးလိုအပ်ချက်ကို ဖြည့်ဆည်းချင်တော့ နည်းလမ်းရှာဖွေလာပါတယ်။ အဲဒီနည်းလမ်းရှာဖွေတဲ့မိဘများဟာ လေ့လာတတ်တဲ့ မိဘများဖြစ်လာပါတော့တယ်။ သားသမီးများနဲ့ အတူတူလေ့လာရင်း အတူတူကြီးပြင်းရင့်ကျက်လာတဲ့ မိဘများဖြစ်လာကြပါတယ်။ နောက်ခြေအနေတစ်မျိုးရှိပါသေးတယ်။ သားသမီးကို လိမ္မာစေချင်တော့ နည်းလမ်းကောင်းရဖို့ စာအုပ်ရှာဖတ်တဲ့ မိဘမျိုးပါ။
၎။ မိဘကိုယ်တိုင် အကျင့်ပြောင်းလဲသော အဆင့်
သားသမီးနဲ့ မိဘဆိုတာ မိတ္ထူကူးတာနဲ့ တူတတ်ပါတယ်။ အော်ကြီးဟစ်ကျယ်စကားပြောတတ်တဲ့ အမေဟာ အသံကျယ်ကျယ် စကားပြောတဲ့ သမီးကို မွေးထုတ်တတ်ပါတယ်။ သမီးရဲ့အော်တတ်တဲ့ အကျင့်ကို ပြုပြင်ချင်တယ်ဆိုရင် မိခင်က အရင်ပြုပြင်ရပါမယ်။ သားသမီးများကို ဖုန်းမဆော့စေချင်တော့ ကိုယ်ကိုယ်တိုင် သားသမီးရှေ့မှာဖုန်းမဆော့တော့တဲ့ မိဘမျိုးဖြစ်ဖို့လိုပါတယ်။ သားသမီးများကို စာများများဖတ်စေချင်ရင် ကိုယ်ကိုယ်တိုင်လည်း စာဖတ်တဲ့အကျင့်လုပ်ထားဖို့ လိုပါလိမ့်မယ်။ ဒီအဆင့်ရောက်ရှိနေတဲ့ မိဘများဟာ ဂုဏ်ထူးထွက်တဲ့ မိဘများဖြစ်နေပါပြီ။ သင်လည်း ဂုဏ်ထူးများများ ထွက်နိုင်ပါစေ…။
Credit to Ko Win Than Htut