ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူနဲ့ မရှိသူတို့ရဲ့ ကွာခြားမှု



စကားလုံးနုနုရွရွလေးတွေနဲ့ ချစ်တတ်တဲ့သူဟာ အချစ်စစ်နဲ့ချစ်ပြရမယ့်နေရာကျရင် နောက်တွန့်နေတတ်တယ်တဲ့။ CV ဖောင်တစ်စောင်မှာ  စာလုံးပုံစံသေသပ်လှပလွန်းနေပြီဆိုရင် အရည်အချင်းနေရာမှာ ကွက်လပ်တွေများနေတတ်တယ်တဲ့။ လူတစ်ယောက်ဟာ သူအရမ်းတော်ကြောင်းပြောနေပြီဆိုရင် သူ့စိတ်ဟာ လုံခြုံမှုမရှိဘူးဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။ “ကိုယ့်ကို သဘောကျကြပါ”လို့ အတင်းလိုက်ပြီး ပြောနေသလိုပဲ ရှိနေတာထက် ပိုပိုသာသာဖြစ်အောင် ပြောတတ်တဲ့အကျင့်က သိပ်ကြည့်ရဆိုးပါတယ်။

သင့်အနေနဲ့ တစ်ခုခုမှာ အမှန်တကယ် တကယ်ထူးချွန်ပြီး ဖန်တီးနိုင်တဲ့သူကို တွေ့ချင်တယ်ဆိုရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ သင့်ရာနေရာမှာ ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကိုသာ ရှာလိုက်ပါ။ သူတို့က သူတို့တန်ဖိုး သူတို့သိတဲ့ လူတွေဖြစ်ပါတယ်။သူတို့ကိုယ် သူတို့ယုံကြည်မှုရှိတယ်။သူတို့ ဘယ်နေရာမှာ ကျွမ်းကျင်တယ်။ဘယ်လိုလုပ်ရမလဲဆိုတာကို သိကြတယ်။ လုပ်ဖို့လိုအပ်တဲ့ အရာကို လုပ်တယ်။ ထူးခြားချက်က သူများ ချီးကျုးခံရဖို့သက်သက်အတွက် အပင်ပန်းမခံတတ်ဘူး။

ပါးစပ်ဖွာပြီး သူတပါး အထင်ကြီးခံချင်တဲ့သူတွေကတော့ အရည်အချင်းထက် ဟန်လုပ်ရတာကို ပိုကြိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။တကယ်တော့ သူတို့က သူများအမြင်ကို အရမ်းဂရုစိုက် ရတဲ့သူတွေ ဖြစ်တာကြောင့် ပိုပြီးပင်ပန်းပါတယ်။ ဒါကြောင့် အရှိကို အရှိအတိုင်းလက်ခံနိုင်ဖို့ဆိုတာ ကိုယ့်အရည်အချင်းကို ကိုကိုယ်ယုံကြည်တဲ့သူတွေရဲ့စွမ်းအင်လို့ပဲ ပြောချင်ပါတယ်။

ဖီလားဒယ်ဖီးယားပြည်နယ်မှာ ပြောစမှတ်စကားတစ်ခွန်းရှိပါတယ်။ ဂျော့ရှ်ဝါရှင်တန်လို နေပါတဲ့။ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတခန့်ဖို့ လွှတ်တော်ထဲမှာ နာမည်စာရင်းတင်သွင်းချိန်မှာ အများစုက ထက်မြက်တဲ့ ဗိုလ်ချုပ် ဂျော့ရှ်ဝါရှင်တန်ရဲ့ အရည်အချင်းတွေကို ချီးကျူးထောပနာပြုနေကြတယ်။ ဒါတွေကို ကြားတဲ့ ဂျော့ရှ်ဝါရှင်တန်က သူ့ကို ချီးကျူးနေကြတဲ့ စကားဝိုင်းတွေထဲမှာ ပါဝင်ဖို့နေနေသာသာ အခန်းထဲကနေတောင် ထွက်သွားခဲ့ပါတယ်တဲ့။ တစ်ခန်းလုံးက သူ့ကို ဝိုင်းပြီးချီးကျူးနေကြတဲ့ အသံတွေကို နားလည်းနားမထောင်ချင်သလို နားထောင်ဖို့လည်း မလိုအပ်ပါဘူးတဲ့။ချီးကျူးခံရဖို့လုပ်တာ မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တဲ့အရာမို့လို့လုပ်ခဲ့တာကြောင့်ပါတဲ့။

ယုံကြည်မှုရှိတဲ့သူတွေအတွက် လူတကာတွေရဲ့ ထောက်ခံသံတွေ၊ ချီးကျူးသံတွေမလိုအပ်ဘဲ ကိုယ့်ကိုယ်ကိုယ်ထောက်ခံရင် လုံလောက်ပါပြီ။ကျယ်ကျယ်လောင်လောင်အသံပေးရုံနဲ့ အများအာရုံစိုက်ခံရတာတာက အောင်မြင်မှုအစစ်မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။

ဒါကြောင့် အကြံပေးချင်တာက တစ်စုံတစ်ယောက်က ကိုယ့်ကိုယ် ဘယ်နေရာတွေမှာ ထူးချွန်လဲလို့ မေးလာရင် ကမ္ဘာကြီးက ကိုယ့်ကိုယ်ဘယ်လောက်လိုအပ်နေသလဲဆိုပြီး ပိုပိုသာသာလေးပြောလိုက်ဖို့ထက် ကိုယ်ဘာလုပ်နေတယ်၊ဘယ်လိုလုပ်နေတယ်ဆိုတာကိုပဲပြောပြလိုက်ပါ။ ကိုယ့်ရဲ့ အမှန်တကယ်လုပ်ဆောင်ချက်တွေက တခြားသူတွေနားလည်သွားအောင် ရှင်းပြသွားပေးပါလိမ့်မယ်။ကိုယ်ရေးခဲ့တဲ့ သမိုင်းကြောင်းက ကိုယ်ဘယ်သူလဲဆိုတာ ပေါ်လွင်စေမှာပါ။အကောင်းဆုံးကတော့ ဘဝကို သူများအထင်ကြီးဖို့ထက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်လိုက်ပါ။


Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine Onilne