အဖေဖြစ်သူက သူနဲ့တွဲပြီးတော့မဟုတ်ပဲ တစ်ယောက်တည်း ဂီတလောကကို ထိုးဖောက်ရပ်တည်စေချင်ကြောင်း ဖွင့်ဟလိုက်တဲ့ ဖူးဖူးသစ်



ငယ်ငယ်ကတည်းက ဂီတနဲ့ပတ်သက်ပြီး ၀ါသနာပါခဲ့ပေမဲ့ ဆယ်တန်းပြီးမှ တစ်ကိုယ်တော်အခွေကို စတင်ပြင်ဆင်ခဲ့သူကတော့ နိုင်ငံကျော်တေးသံရှင်ဖိုးကာရဲ့သမီးအကြီးဖြစ်သူ အသက်၁၈ နှစ်သာရှိသေးတဲ့ ဖူးဖူးသစ်ပါ။ သူမဟာလက်ရှိအမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်မှာ Journalism တတိယနှစ်ကို ပညာသင်ကြားနေပြီးတစ်ဖက်ကလဲ မကြာသေးခင်ကမှ Logo ဆိုတဲ့ နာမည်နဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်တစ်ခု ထွက်ရှိထားပါတယ်။ အဆိုပါအခွေလေးမှာသီချင်းရှစ်ပုဒ်ပါဝင်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့က ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သိချင်တာတွေကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-ဂီတနဲ့ပတ်သက်ပြီး ဘယ်အရွယ်ကတည်းကစပြီး ၀ါသနာပါခဲ့တာလဲ။

ဂီတကို ငယ်ငယ်လေးကတည်းကစပြီး ၀ါသနာပါခဲ့တယ်။ ငယ်ငယ်လေးကတည်းကလဲ ဘယ်ပွဲမဆို အမြဲတမ်းပါဖြစ်တယ်။

-Logo ဆိုတဲ့အခွေလေးလဲ ထွက်ထားတယ်ဆိုတော့ ဒီအခွေလေးကရော ဘယ်တုန်းကတည်းကလုပ်ထားတာလဲ။

အဲ့ဒီအခွေလေးလုပ်ထားတာ နှစ်နှစ်ကျော် သုံးနှစ်လောက်ကြာပါပြီ။ ဆယ်တန်းပြီးလောက်ကတည်းကစလုပ်ခဲ့တာပေါ့။

-တေးရေးတွေအနေနဲ့ကရော ဘယ်သူတွေများလဲ။

သီချင်းအားလုံးပေါင်း ရှစ်ပုဒ်ပါတယ်။ ဖေဖေက ခြောက်ပုဒ်ရေးပေးထားတယ်။ ကျန်တဲ့ဟာက မအိမ့်ချစ်နဲ့ကိုချမ်းမင်းပေါ့။

-သီချင်းတွေကရော ဘယ်လိုပုံစံမျိုးတွေလဲ။

ရှစ်ပုဒ်လုံးက အကုန်လုံးက ပရိုဂရမ်တွေနဲ့တီးထားတဲ့ မြူးဆစ်တွေပေါ့။ ဒါပေမဲ့ gossip လေးတွေလဲပါတယ်။ အမြူးလေးတွေကတော့ပိုများတယ်။ ဒီဖက်ခေတ်လူငယ်တွေအကြိုက် လူငယ်ဆန်ဆန် သီချင်းတွေများပါတယ်။

-ကိုယ်ကိုတိုင်ကြိုက်တဲ့သီချင်းပုံစံကရော ဘယ်လိုမျိုးများလဲ။

သီချင်းကိုနည်းနည်းခပ်မိုက်မိုက်နဲ့မြူးတဲ့ဟာမျိုးဆို ပိုပြီးအားရတယ်။

-အိမ်ကရော သီချင်းလုပ်တာကိုသဘောကျလား။

ဟုတ်။ ဖေဖေနဲ့မေမေတို့ကတော့ ဖူးရဲ့ဝါသနာပါရာအလုပ်အပေါ်ကိုပဲ အမြဲတမ်းကူညီပံ့ပိုးပေးဖို့က အဆင်သင့်ရှိပါတယ်။ သူတို့ကလဲ မကြိုက်တာမျိုးမရှိဘူး။ အားတက်သရော ပံ့ပိုးပေးပါတယ်။

-အခွေပရိုမိုးရှင်းမလုပ်တာကရော ဘာကြောင့်များလဲ။

ဟုတ်တယ်။ မလုပ်ဖြစ်လိုက်ဘူး။ ဖူးတို့ကျတော့ အစကလုပ်မယ်ဆိုပြီး အစီအစဉ်ရှိတယ်။ ဒါပေမဲ့ဖေဖေတို့မေမေတို့မအားတာကြောင့်ရယ်၊ နောက်ဖူးအနေနဲ့ကလဲ မလုပ်ရဲဘူးပေါ့။ စိုးရိမ်တာတွေလဲရှိတယ်။ လူအသစ်ဆိုတော့ ပရိသတ်မလာမှာလဲကြောက်လို့မလုပ်ဖြစ်လိုက်ဘူး။ ဒါပေမဲ့ဖူးဒီအခွေလေးကို အမ်တီဗီရိုက်လို့ထွက်ရင်တော့လုပ်ဖြစ်မှာပါ။

-၇ ရက်နေ့ကထွက်ခဲ့တာဆိုတော့ ထွက်ပြီးနောက်ပိုင်းမှာပရိသတ်တွေကဘာပြောကြလဲ။

အခွေကလဲတော်တော်လေးအခြေအနေကောင်းတယ်ဆိုတော့ မဆိုးဘူးလို့ပြောရမှာပေါ့။ ဒီအခွေလေးထဲမှာပါတဲ့ စုန်းမတို့မပြိုင်တဲ့အရှုံးတို့ အဲ့ဒီနှစ်ပုဒ်ကိုတော့ လူပြောများကြတယ်။

-ပရိုမိုးရှင်းမလုပ်တာတောင်အားပေးကြတဲ့အပေါ်မှာရော ဘယ်လိုမျိုးစိတ်ခံစားချက်ဖြစ်မိလဲ။

တော်တော်လေးပျော်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလောက်ကြီးလဲမျှော်မှန်းမထားဘူးလေ။ ဖေဖေဆိုလဲ အရမ်းကိုကြိုးစားအားထုတ်ပြီး ကူညီပံ့ပိုးပေးထားတယ်။ ဖူးဖက်ကလဲ အများကြီးကြိုးစားခဲ့တော့ ဒီအခွေလေးကိုဖြစ်ဖြစ်မြောက်မြောက်လေးတော့ ဖြစ်စေချင်တာပေါ့နော်။ အခုဖေ့စ်ဘွတ်လဲရှိတော့ တော်တော်များများကလဲပြောလာကြတော့ ပျော်ပါတယ်။

-အခွေထွက်ပြီးနောက်ပိုင်းမှာရော ဘာတွေဆက်လုပ်ဖြစ်သေးလဲ။

New Year တော့ဘယ်မှာသွားဆိုဖြစ်မလဲမသိသေးဘူး။ တစ်လပိုင်းကတော့ City FM မှာဆိုဖို့ရှိပါတယ်။

-အဖေနဲ့တွဲပြီးစင်ပေါ်တွဲတက်တာမျိုးလဲသိပ်မတွေ့ရတော့ ဘယ်လိုကြောင့်များလဲ။

အခု Ooredoo ကလုပ်တဲ့ပွဲတွေဆို ဖူးကိုခေါ်ဆိုတယ်။ ဖူးလဲတစ်ယောက်တည်းပဲသွားဆိုတယ်။ ဖေဖေက ဖူးကိုတစ်ယောက်တည်းရပ်တည်စေချင်တာ။ သူနဲ့တွဲပြီးမလုပ်ပဲ တစ်ယောက်တည်းတိုးဖောက်စေချင်တာပေါ့။

-အဖေကိုယ်တိုင်က နာမည်ကျော်အဆိုတော်တစ်ယောက်ဆိုတော့ သူ့သီချင်းတွေထဲမှာ ညီမလေးကြိုက်နှစ်သက်တဲ့သီချင်းတွေရှိရင်လဲသိချင်ပါတယ်။

လမ်းခွဲကြိုက်တယ်။ နောက်ပြီး အခုထွက်ထားတဲ့ဖြန့်ခင်းဆိုတဲ့အခွေထဲက သီချင်းတွေဆို အကုန်နီးပါးကြိုက်တယ်။ ပြီးတော့ သူစတိုင်လေးလဲပြောင်းထားတယ်။ ရော့်ခ်တွေ ထည့်ထားတယ်။ အဲ့ဒီအခွေလေးကတော်တော်ကောင်းပါတယ်။ အခုဆိုအပြောများကြတာ ရင်ချင်းဆက်ချည်တဲ့ကြိုးဆိုအရမ်းကြိုက်ပါတယ်။

-ဂီတဖက်အပြင်ဘာတွေရောလုပ်ဖြစ်သေးလဲ။

ကျောင်းတက်နေပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီပညာကောလိပ်မှာ journalism third Year တက်နေပါတယ်။ ဒီကျောင်းကိုရွေးချယ်တက်ဖြစ်တာက ဒီကျောင်းက လူသိပ်မသိကြသေးဘူး။ ဒီ Journalism ဆိုရင်ပိုတောင်ဆိုးသေးတယ်။ ဟိုဖက်က business တို့ tourism တို့ကမှ လူသိကြသေးတယ်။ ဒီ Journalism က အခွင့်လမ်းကောင်းတွေလဲ အများကြီးရှိတယ်။ နိုင်ငံခြားတွေဘာတွေသွားရဖို့လဲရှိတယ်ဆိုတော့ ဒီဟာလေးကိုစိတ်ဝင်စားလို့တက်ဖြစ်တာပါ။

-ရှိုးတွေဘာတွေရော လိုက်ဆိုဖြစ်သေးလား။

အခွေမထွက်ခင်မှာ ထူးထူးခြားခြားအမှတ်တရအနေနဲ့ဖေဖေတို့နဲ့ခင်တဲ့ Ooredoo ကအန်တီမပွင့်က ဆိုင်ပွဲလေးတစ်ပွဲမှာခေါ်ဆိုဖြစ်တယ်ပေါ့။ အဲဒါကပထမဆုံးပိုက်ဆံရတဲ့ပွဲပေါ့။ အဲ့ဒါပြီးတော့ အခွေထွက်တယ်။ အခွေထွက်ပြီးနောက်ပိုင်းတော့ Junction Square မှာတစ်ပွဲဆိုဖြစ်တယ်။ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ရတဲ့ပွဲဆိုတော့ တော်တော်လေးလဲစိတ်လှုပ်ရှားတယ်။ ပထမဆုံးရှိုးဆိုတော့ တော်တော်လေးကို အဆင်မပြေဘူး။ ရှိုးမှာလူကအရမ်းလဲများတယ်။ ပြီးတော့ကိုယ်ဆိုတဲ့ အသံလဲကိုယ်ပြန်မကြားရဘူး။ ကိုယ့်အသံကိုမထိန်းနိုင်ဘူး။ အဲ့ဒီလိုအမှားအယွင်းတွေဖြစ်တာပေါ့။ ရှိုးဆိုတာများရင် အဆင်ပြေသွားလိမ့်မယ်လို့ဖေဖေကတော့ပြောပါတယ်။

-အဖေဖက်ကရော ကိုယ်ရွေးချယ်ခဲ့တဲ့ ဒီဂီတလမ်းကြောင်းပေါ်မှာ အဆင်ပြေချောမွေ့နေအောင်ဘယ်လိုတွေကူညီထောက်ပံ့ပေးလဲ။

ဖေဖေကတော့ ဒီအခွေလုပ်ချင်တယ်လို့စပြောကတည်းက သူ့ခေါင်းထဲမှာလုပ်ပေးဖို့အစီအစဉ်တွေရှိခဲ့တာပေါ့လေ။ ကိုးတန်း၊ ဆယ်တန်းလောက်ကနေ သီချင်းတစ်ပုဒ်ရေးပေးတယ်။ စိတ်လွှင့်ရွက်ကြွေဆိုတဲ့ သီချင်းလေးပေါ့။ ညီမအခွေထဲမှာပထမဆုံးသီချင်းလေးအနေနဲ့ထည့်ထားတယ်။ ပြီးတော့ အဲ့ဒီသီချင်းလေးနဲ့စပြီးဖူးကို train လုပ်ပေးခဲ့တယ်။

-အဆိုသင်တန်းတွေဘာတွေရောတက်ဖြစ်သေးလား။

ငယ်ငယ်တုန်းကတော့ ဂီတမိတ်မှာ စန္ဒယား သင်ဖြစ်တယ်။ အဲ့ဒီမှာပြတ်သွားပြီး ကိုးတန်းဆယ်တန်းလောက်မှပြန်သင်ဖြစ်တယ်။ ရန်ကင်းမှာဖွင့်ထားတဲ့ Legacy မှာ Piano ရော Vocal Training ရောတက်ဖြစ်တယ်။ အခုတော့မတက်ဖြစ်တော့ပါဘူး။

-အဖေနဲ့ရော ဂီတပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုတိုင်ပင်ဆွေးနွေးဖြစ်လဲ။

အခွေလုပ်မယ်ဆိုကတည်းက ဖေဖေနဲ့စပြင်ဆင်ခဲ့တယ်။ ဒီဖက်ခေတ်လူငယ်တွေဘယ်လိုသီချင်းတွေကိုကြိုက်ကြလဲ။ သူတို့ဆိုတဲ့ပုံစံလိုမျိုးကိုယ်က လိုက်ဆိုလို့မရဘူး။ လူငယ်ကြိုက်သီချင်းတွေကို သူ့နားထဲစွဲအောင်နားထောင်ပေးတယ်။ ပြီးတော့ဖူးအတွက်ပြန်ရေးပေးခဲ့တယ်။ ဖူးကလဲ ဒီလိုသီချင်းလေးတွေကြိုက်တယ်။ ဒီလိုပုံစံလေးတွေရေးပေးပါဆိုပြီးပြောပြခဲ့တယ်။ သူကလဲ တစ်ပုဒ်စနှစ်ပုဒ်စရေးပေးပြီး အားရင်အားသလိုဆွေးနွေးတိုင်ပင်ဖြစ်ပါတယ်ရှင်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.