Breaking News

မတရားတဲ့ လောဘ ပုံပြင်



တစ်ခါတုန်းက နွားနို့သည်တစ်ယောက်ဟာ မသမာတဲ့နည်းနဲ့ အလွန်ပဲ ချမ်းသာကြီးပွားနေပါတယ်။
နေ့စဉ် သူ့ဖောက်သည်တွေရှိတဲ့ မြို့ကိုရောက်အောင် မြစ်ကိုဖြတ်ကူးသွားရပါတယ်။ နွားနို့သည်ဟာ လောဘကြီးပြီး အမြတ်များများ လိုချင်တဲ့အတွက် နွားနို့ထဲကို မြစ်ရေရောပြီးမှ ရောင်းပါတယ်။

တစ်နေ့မှာတော့ သူရဲ့သား မင်္ဂလာဆောင်အခမ်းအနား ကျင်းပဖို့အတွက် ရစရာအကြွေးတွေကို လှည့်လည်တောင်းပါတယ်။ အကြွေးရလာတဲ့ ပိုက်ဆံတွေနဲ့ အကောင်းဆုံးဆိုတဲ့ အဝတ်အစားတွေ၊ အဖိုးတန် ရွေထည်၊ငွေထည် ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။

အိမ်အပြန် မြစ်ကိုဖြတ်ကူးချိန်မှာတော့ သူစီးလာတဲ့လှေဟာ ရုတ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေအားလုံး ရေထဲမှာ မျောပါကုန်ပါတော့တယ်။ နွားနို့သည်ဟာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘာစကားမှ မဆိုနိုင်အောင် စိတ်ထိခိုက်ခံစားပြီး ငိုကြွေးနေတော့တာပေါ့။ ဒီအချိန်မှာ မြစ်ထဲက အသံကြီးတစ်ခုကို သူကြားလိုက်ရပါတယ်။

“ မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာတွေက မင်းရဲ့ နွားနို့ ဝယ်သောက်တဲ့လူတွေဆီက လောဘကြီးပြီး ရယူထားတဲ့ မသမာတဲ့ အမြတ်အစွန်းတွေပါပဲ ”
လောကကြီးမှာ သူတစ်ပါးဆီက မတရားသဖြင့် ရယူထားတာတွေဟာ ဘယ်တော့မှ ကိုယ့်ဆီမှာ အဖက်မတင်တတ်ပါဘူး။ စေတနာထားပြီး လုပ်ဆောင်မှသာ ဘယ်အရာမဆို တူသော အကျိုးကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။

သက်မြတ်နိုးဝေ (ပစ်တိုင်းထောင်)

 Credit : Pyit Tine Htaung