ကမ္ဘာ့အကြာရှည်ဆုံး ပျားရည်ဆမ်းခရီးထွက်တဲ့ စုံတွဲ



စွန့်စားလိုတဲ့ စုံတွဲနှစ်ဦး ကမ္ဘာ့အကြာရှည်ဆုံး ပျားရည်ဆမ်းခရီး ၅ နှစ်တိုင်တိုင် ထွက်ခဲ့ကြပါတယ်။ Anne နဲ့ Mike Howard တို့ ဟာ၂၀၁၁ မှာ လက်ထပ်ခဲ့ကြပြီးနောက် သူတို့ပိုင်ဆိုင်ပစ္စည်းအများစုကို ထုတ်ရောင်း၊ အလုပ်တွေ ထွက်၊ သူတို့ရဲ့ နယူးယော့ခ်အိမ်ကို အငှားချပြီး ကမ္ဘာအနှံ့ ခရီးထွက်ခဲ့တာကြောင့် ဒါဟာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ၂၀၁၂ ဇန်နဝါရီ ၂၂ ရက်နေ့ သူတို့ အိမ်ကနေ ထွက်ခွာခဲ့ချိန်ကတည်းက ခရီးထွက်ရာ အခုချိန်ထိ တိုက် (၇) တိုက်လုံးနဲ့ နိုင်ငံပေါင်း ၅၀ ကျော်  လည်ပတ်ခဲ့ပြီး ဖြစ်ပါတယ်။

"အသက် ၆၅ နှစ်ရောက်ပြီး အငြိမ်းစားယူမှ မိမိတို့စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်တာဟာ သိပ်အန္တရာယ်များတဲ့ အစီအစဉ်လို့ မြင်တယ်" လို့ အသက် ၃၉ နှစ်အရွယ် Mike က Washington Post ကို ပြောပြခဲ့ပါတယ်။ "ကျနော်တို့ ငယ်ရွယ်နုပျိုပြီး ကျန်းမာနေစဉ်မှာပဲ အပြင်ထွက်ကြရပါအောင်။"

အစပိုင်းမှာ ခရီးစဉ်အတွက် Howards က သူတို့စုဆောင်းငွေကနေ သုံးစွဲခဲ့ပေမယ့် အခုအခါမှာ သူတို့ရဲ့ခရီးသွားဝက်ဘ်ဆိုဒ် HoneyTrek.com ကနေ ဝင်ငွေရှာဖွေပြီး ကြာရှည်ခရီးသွားသူတွေအတွက် လက်တွေ့အသုံးကျတဲ့ အကြံပြုချက်တွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မဂ္ဂဇင်းအယ်ဒီတာတစ်ဦးအဖြစ် Anne ရဲ့ နောက်ခံနဲ့ ဒစ်ဂျစ်တယ်မီဒီယာအမြော်မြင်ရှိသူနဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Mike ရဲ့ နောက်ခံက ယင်းစွန့်စားမှုလုပ်ငန်းကို အောင်မြင်စေခဲ့ပါတယ်။ အစပိုင်းမှာ တစ်နေ့ ₤31 အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်း သူတို့ တစ်နေ့ ₤20 အောက် လျှော့သုံးနိုင်ခဲ့ပါတယ်။

အခုအခါ သူတို့စုံတွဲက တစ်နေ့ ₤12.20 သာ သုံးစွဲပြီး အစားအသောက်၊ တည်းခိုစရာနဲ့ အားလပ်ချိန် လှုပ်ရှားသွားလာမှုစရိတ်အားလုံး ကာမိပါတယ်။ ဒါပေမယ့် သူတို့အသုံးစရိတ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူ ကြပါဘူး။ ဂျပန်၊ သြစတြေးလျနဲ့ ယူကေတို့ လည်ပတ်ချိန် သုံးစွဲတာထက် အရှေ့တောင်အာရှမှာ အသုံးစရိတ် များစွာသက်သာမှုရှိခဲ့ပါတယ်။

နိုင်ငံတစ်ဝှမ်း ချက်ချင်းအလောတကြီးလည်ပတ်တာထက် ရွာလေးတစ်ရွာ သို့မဟုတ် မြို့ငယ်လေးတစ်ခုခုမှာ ခဏတဖြုတ်နေဖို့ သူတို့ အကြံပြုထားပါတယ်။ အဲဒီဒေသက လူတွေ ဘယ်လိုနေထိုင်ကြလဲ သိရှိလာအောင် အနည်းဆုံး တစ်ပတ် နေရပါမယ်လို့ Anne က ပြောပါတယ်။

တစ်မြို့နဲ့တစ်မြို့ လေယာဉ်နဲ့သွားတာထက် ဘတ်စ်ကားနဲ့ သွားပါ။ ပိုက်ဆံသက်သာစေရုံမက နေရာဒေသတွေ ပိုမိုသိမြင်စေတယ်လို့လည်း အကြံပြုထားပါသေးတယ်။ သူတို့စုံတွဲဟာ ဒီဇင်ဘာလအတွက် အမေရိကပြန်လည်ရောက်ရှိခဲ့ပြီး ခရစ္စမတ်နေ့အထိ Maine ပြည်နယ် Belfast မြို့မှာ နေကြမှာ ဖြစ်ကြောင်းသိရပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine