ကိုယ့်အပေါ် အရမ်းနားလည်ပေးတဲ့ ချစ်သူကြောင့် အရမ်းပျော်ရပါတယ်လို့ ဆိုလာတဲ့ အမွန်း



အမွန်းဟာ မကြာသေးခင်ကမှ I’m Sorry မြူးဆစ်ဗီဒီယိုကိုထွက်ရှိခဲ့သလို မြူးကြွတဲ့ သံစဉ်များ၊ တေးသီချင်းများရဲ့ ဖန်တီးသူတစ်ယောက်အနေနဲ့ပရိသတ်လက်ခံအားပေးခြင်းကို အများဆုံးခံရသူပါ။ သူမဖန်တီးတဲ့တေးသီချင်းတွေအပြင် သူမရဲ့ ဖက်ရှင်တွေကလဲ မြန်မာပရိသတ်တွေအတွက် ဆန်းသစ်နေပြန်ပါတယ်။ အလန်းလွန် အလွန်လန်းလို့ပြောရလောက်အောင် ခေတ်မှီဆန်းသစ်နဲ့ဖက်ရှင်များနဲ့မြူးကြွသစ်လွင်တဲ့ သီချင်းတွေရဲ့ပဲ့ကိုင်ရှင်သူမဟာ နောက်ပိုင်းမှာ Solo Album ထက် တစ်ပုဒ်ချင်းစီအွန်လိုင်းစတိုးကနေရောင်းချသွားဖို့ ရှိကြောင်းပြောပြလာသလို သူမရဲ့ အချစ်ရေးကလဲ ပြောင်းလဲမှုတွေရှိနေပြီဖြစ်တာကြောင့် သူမရဲ့အချစ်ရေးနဲ့ အနုပညာရေးရာအကြောင်းတွေကို သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကို အရင်ပြောပြပေးပါဦး။

လက်ရှိတော့ အမွန်း ဒီဇင်ဘာလဆိုတော့ လက်ခံထားတဲ့ ပွဲတွေလျှောက်ဆိုဖြစ်နေတယ်။ အခု အရှေ့မှာ ကိုကာကိုလာနဲ့ tour လိုက်ဆိုဖြစ်တယ်။ ပြီးရင် အမွန်းရဲ့ I’m Sorry ဆိုတဲ့ သီချင်းအသစ်လေးကို Audio ရော မြူးဆစ်ဗီဒီယိုရော ဒီလထဲမှာ အမွန်းထုတ်ခဲ့ပါတယ်။ ပြီးတော့ အမွန်းသီချင်းတွေ ဆက်ရေးဖြစ်နေတယ်။ သီချင်းအသစ်လေးတွေလဲ ဖန်တီးဖြစ်နေပါတယ်။

-I’m Sorry ကိုတစ်ပုဒ်တည်း အရင်ထုတ်ဖြစ်ခဲ့တာ ဘာကြောင့်များလဲ။

I’m Sorry က အမွန်း Single Track ပဲ။ အဲ့ဒါကြောင့် အမွန်းတစ်ပုဒ်ထဲပဲ ထုတ်လိုက်တာပါ။ အယ်လ်ဘမ်ကို မစောင့်ချင်တာလဲပါတယ်။ ပရိသတ်ကလဲ အမွန်းသီချင်းအသစ်တွေစောင့်နေတာဆိုတော့ တစ်ပုဒ်ထဲပဲထုတ်ဖြစ်လိုက်တာပါ။

-အဲ့ဒါဆို နောက်ပိုင်းမှာရော တစ်ပုဒ်ချင်းစီပဲထုတ်တော့မှာလား။ အယ်လ်ဘမ်လိုက်ရော မထုတ်ဖြစ်တော့ဘူးလား။

အခုနောက်ပိုင်းမှာတော့ အမွန်းတစ်ပုဒ်ချင်းစီထွက်ဖို့ကိုအာရုံစိုက်ထားပါတယ်။ ဘာလို့လဲဆိုတော့ ၁၂ ပုဒ်တွေဘာတွေစောင့်နေရင်လဲ အမွန်းကိုယ်တိုင်စိတ်မရှည်ဘူး။ ပရိသတ်လဲစောင့်ရတာအကြာကြီးဖြစ်သွားမှာစိုးလို့အမွန်းတစ်ပုဒ်ပြီးရင် တစ်ပုဒ်ထွက်ဖို့ရှိပါတယ်။ အဲ့ဒါတွေအားလုံးကို အမွန်းစုစည်းပြီးပြန်ထွက်ရင်လဲထွက်ဖြစ်ပါမယ်ရှင့်။

-အခုရာသီကလဲ ခရစ္စမတ်ရာသီဆိုတော့ ခရစ္စမတ်နဲ့ပတ်သက်တဲ့ ဘယ်လိုအမှတ်တရတွေကိုသတိရမိလဲ။

ခရစ္စမတ်ဆို နှစ်တိုင်းအမှတ်တရတွေက အပြည့်ပါပဲ။ အမွန်းတို့Church မှာငယ်ငယ်ကတည်းကကြီးလာတာတွေ၊ သီချင်းတွေဆိုပြီး Church မှာ ပါဝင်ဖြစ်တယ်။ ဘုရားကျောင်းအသင်းသားတွေ အားလုံးနဲ့အတူတူ lunch တူတူစားတာမျိုးလေးတွေ အမှတ်တရရှိခဲ့တယ်။ မနှစ်ကတော့ ခရစ္စမတ် မှတ်မှတ်ရရဆိုရင် အမွန်း LA မှာရောက်နေခဲ့တယ်။ အဲ့ဒီမှာလဲ အမှတ်တရတွေ အများကြီးရှိခဲ့တယ်။ တကယ့် ခရစ္စမတ်သစ်ပင်အစစ်ကြီးတွေကို သူတို့က အလှတွေဆင်တာကိုတွေ့မြင်ရတယ်။ မနှစ်က ခရစ္စမတ်ကလဲ အမှတ်တရဖြစ်ခဲ့တယ်။

-ဒီနှစ်ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

ဒီနှစ်ကတော့ ဘုရားကျောင်းမှာပဲ အမွန်းသီချင်းဆိုဖြစ်ပါမယ်။ ဘုရားကျောင်းမှာ ပါဝင်ဖြစ်မယ်။ ပြီးရင်ဘုရားကျောင်းမှာပဲ ခရစ္စမတ်နေ့လည်စာစားမယ်။ ပြီးရင်နေ့လည်ပိုင်းကို သူငယ်ချင်းတွေနဲ့တွေ့ဖြစ်မယ်။ ညဖက်မှာလဲ ဘုရားကျောင်းမှာပဲရှိဖြစ်ပါမယ်။

-New Year Night ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

အမွန်း နှစ်နေရာမှာ သီချင်းဆိုပါမယ်။ ရန်ကုန်မှာပဲ။ Countdown ကိုတော့ Vintage Luxury Yacht မှာဖျော်ဖြေမယ်။ သူ့ရဲ့အရှေ့မှာလဲ ပြောထားတာတစ်ခုရှိတယ်။ သူတို့ကနေရာပါမစ်မကျသေးလို့မသိရသေးတာပါ။

-၂၀၁၆ တစ်နှစ်လုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် အမွန်းလုပ်ခဲ့တဲ့ အနုပညာပိုင်းနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိမရှိဆိုတာကိုလဲ သိချင်ပါတယ်။

အမွန်းလုပ်ခဲ့တဲ့ အရာတွေထဲမှာ ဒီနှစ်ထဲမှာဆို ကောင်းတာများပါတယ်။ အဆိုးဆိုတာကတော့ မရှိသလောက်ပဲ။ အကောင်းတွေပဲ အများကြီးအမွန်းလုပ်ဖြစ်ခဲ့တယ်။ အနုပညာလုပ်ငန်းအရပေါ့လေ။ ရုပ်ရှင်တစ်ကား အမွန်းရိုက်ကူးပြီးစီးခဲ့တယ်။ ပြီးရင်သီချင်းအနေနဲ့လဲ Automatic ရဲ့ ဒီဗီဒီကို ဧပရယ်လမှာ အမွန်းထွက်နိုင်ခဲ့ပါတယ်။ ပြီးရင် I’m Sorry ဆိုတဲ့ မြူးဆစ်ဗီဒီိယိုရော ၊ သီချင်းရောကို နှစ်မကုန်ခင်မှာ အမွန်းထွက်နိုင်ခဲ့တယ်။ အမွန်းသီချင်းအသစ်တွေအများကြီးလဲရေးဖြစ်ခဲ့သလို Recording အချို့လဲ အမွန်းလုပ်ဖြစ်ခဲ့တယ်။ ပြီးရင် အဲ့ဒီ Recording လုပ်ထားတဲ့သီချင်းတွေလဲ ထွက်လာဖို့ရှိပါတယ်။ နောက်နှစ်ထွက်လာမဲ့ အထဲမှာ သင်္ကြန်သီချင်းတွေလဲ အမွန်းဆိုထားတယ်။ ခရစ္စမတ် သီချင်းလေးတွေလဲ အမွန်းလုပ်ထားတာရှိတယ်။ ပွဲအများကြီးလဲဆိုဖြစ်ခဲ့တယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ရင်း တစ်နှစ်ကုန်သွားမှန်းမသိတဲ့ နှစ်တစ်နှစ်လို့တောင်ပြောလို့ရပါတယ်။

-I’m Sorry ရဲ့ Feedback ကရော ဘယ်လိုရှိလဲ။

အခုပြန်ကြားရသလောက်ဆိုရင် မြူးဆစ်ဗီဒီယိုကိုအရမ်းသဘောကျတယ်ဆိုတာမျိုးပြန်ကြားရလို့အမွန်းဝမ်းသာတယ်။ ဒီမြူးဆစ်ဗီဒီယိုအပြင် သီချင်းစာသားလေးတွေကိုပါ ကြိုက်ကြတယ်လို့ပြောကြလို့အမွန်းပိုကျေနပ်တယ်။ တော်တော်များများလဲ Share ကြတယ်။ မျှဝေနေကြတာမျိုးလဲတွေ့ရလို့အမွန်းကျေနပ်ပါတယ်။

-သင်္ကြန်သီချင်းကရော ဘယ်နှပုဒ်လောက်ဆိုထားလဲ။

တေးရေးစိုးလင်းစီစဉ်တဲ့ သင်္ကြန်သီချင်းခွေနှစ်ခွေလုံးမှာ အမွန်းပါပါမယ်။

-Automatic အခွေတုန်းကဆို အမြူးတွေရော၊ အသည်းကွဲသီချင်းတွေရောပါတယ်ဆိုတော့ အခုနောက်ထပ်လုပ်မဲ့ သီချင်းတွေမှာရော ဘယ်လိုအကြောင်းအရာမျိုးကို ဦးစားပေးရေးဖွဲ့ထားလဲ။

အမွန်းအသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အမွန်းရဲ့အတွေးအခေါ်တွေလဲပြောင်းပြောင်းသွားပါတယ်။ မနှစ်က အမွန်းနဲ့ဒီနှစ်အမွန်းကတူမှာမဟုတ်တော့ပါဘူး။ ဥပမာ I’m Sorry မှာဆိုရင် အရင်တုန်းက Automatic တစ်ခွေလုံးမှာဆိုရင်လဲ အမွန်း Electronic မြူးဆစ်ကို အသားပေးပြီးတော့မှ သီချင်းခပ်မြူးမြူးလေးတွေများတယ်။ အခုဒီတစ်ခေါက်ထွက်လာတဲ့ I’m Sorry ဆိုတဲ့သီချင်းလေးကတော့ pop သီချင်းတော့ pop သီချင်းတွေကြီးပဲ။ ဒါပေမဲ့ မတူတဲ့ ပုံစံလေးတွေကွဲလွဲသွားအောင်ဖန်တီးထားတယ်။ အဓိကကတော့ ခံစားချက်တွေနဲ့ဆိုင်တဲ့ သီချင်းတွေပဲအများဆုံးထွက်လာမှာပါ။

-အမွန်းရဲ့ လက်ရှိအချစ်ရေးကရောဘယ်လိုရှိလဲ။

အမွန်းရဲ့ အချစ်ရေးကတော့ အခုချိန်မှာ အကုန်အဆင်ပြေနေပါတယ်။ အမွန်းတကယ့်ကို ပျော်ရွှင်တဲ့ relationship တစ်ခုကို အမွန်းရရှိထားပါတယ်။ အဲ့ဒီအတွက် အမွန်းပျော်နေပါတယ်။

-ချစ်သူသက်တမ်းကရော ဘယ်လောက်ရှိသွားပြီလဲ။

အမွန်း ဒီနှစ် ဇူလိုင်လကတည်းကပါ။ ခြောက်လလောက်တော့ရှိပါပြီ။ ဒါပေမဲ့ သူ့ကိုလွန်ခဲ့တဲ့ ဇူလိုင်ကစတွေ့တာပေါ့။ ဒီနှစ်ဇူလိုင်မှစပြီး Relationship ဆိုပြီးခေါင်းစဉ်တပ်ခဲ့တာပေါ့။

-ဒီလောကထဲကလား။ အပြင်လောကကလား။

ဒီလောကထဲကမဟုတ်ပါဘူး။ အပြင်လောကကပါ။

-သူ့ကိုရော ဘယ်လိုအချက်တွေကြောင့်လက်တွဲဖြစ်သွားတာလဲ။

နံပတ်တစ်အချက်က သူကအမွန်းကို အရမ်းချစ်တယ်။ ပြီး ရင်အမွန်းရောသူရော တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတယ်။ ပြီးရင်တစ်ယောက်ကောင်းကျိုးကိုပဲ တစ်ယောက်လိုလားတယ်။ ငါဆိုတဲ့ အတ္တမရှိဘူး။ အမွန်းတို့ဆီမှာလွန်ကဲတဲ့ မနာလိုမှုကိုလဲ အကြောင်းကြောင်းကြောင့်မထားဘူး။ ပြီးရင်အလုပ်ကို အရမ်းတန်ဖိုးထားတဲ့ လူနှစ်ယောက်မို့လို့အရမ်းအဆင်ပြေတယ်။ ကိုယ်တွေကအလုပ်များတဲ့အတွက်ကြောင့် ဒီအလုပ်ကို အရမ်းနားလည်ပေးပြီးတော့မှ ငါဆိုတဲ့အတ္တကို အနောက်မှာပို့ထားတဲ့သူနှစ်ယောက်မို့လို့အဆင်ပြေတာပါ။

-ဘယ်တော့လောက်ရော မင်္ဂလာသတင်းကြားရမလဲ။

အဝေးကြီးလိုပါသေးတယ်။ အမွန်းမင်္ဂလာဆောင်ဖို့အတွက်ကို မစဉ်းစားသေးပါဘူး။ ဘာလို့လဲဆိုတော့ အမွန်းမှာလုပ်စရာလေးတွေအများကြီးရှိသေးတဲ့အတွက်ကြောင့်မို့လို့မင်္ဂလာဆောင်ဖို့ဆိုတာ အမွန်းရဲ့နောက်ဆုံးသော အရာပါပဲ။ အခုချိန်မှာ အမွန်းပျော်နေပါတယ်။

-ခရီးသွားဖို့စီစဉ်ထားတာမျိုးရော ရှိဦးမလား။

ခရီးကရှိတယ်။ အမွန်း အခုစဉ်းစားနေတာ ဒီလထဲမှာ ၂၆၊ ၂၇၊ ၂၈ ကို အမွန်း နောက်တစ်နှစ်မကူးခင်လေး ခရစ္စမတ်အပြီးလေးမှာ အမွန်းရန်ကုန်ကနေခဏခွာဖို့စဉ်းစားထားတယ်။ ကမ်းခြေတစ်ခုခုဖြစ်မယ်ထင်ပါတယ်။ တစ်ယောက်တည်းထွက်မဲ့ခရီးပါ။ ကိုယ့်အတွက်ကိုယ်အချိန်ပေးချင်လို့ပါ။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine