Breaking News

ကိုယ်သွားမယ့်ပါတီပွဲမှာ ဒီလိုလုပ်ဆောင်တာမျိုးတွေဟာ ရိုင်းစိုင်းတဲ့အပြုအမူတွေသာဖြစ်



ခုလို ပျော်ပွဲရွှင်ပွဲတွေများတဲ့အချိန်၊ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်ကာလတွေမှာ ပါတီပွဲတွေ လုပ်လေ့လုပ်ထရှိကြပါတယ်။ အဲ့ဒီပါတီပွဲတွေကို တက်ရောက်ဖို့ သင့်ကိုဖိတ်ထားတယ်ဆိုရင် သင့်အနေနဲ့ ပါတီပွဲတွေမှာ ဘယ်လိုအပြုအမူတွေ မလုပ်သင့်ဘူး၊ ဒါတွေက ရိုင်းစိုင်းတဲ့အပြုအမူမျိုးတွေ ဖြစ်တယ်ဆိုတာ ကြိုတင်သိထားဖို့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်အမှတ်မထင် ပြုမူလုပ်တဲ့အရာက တစ်ဖက်လူအတွက် အနှောင့်အယှက်ဖြစ်စေတာမျိုးတွေ ရှိတတ်တာကြောင့် ပါတီသွားမယ့်လူတွေ ဒီအချက်ကလေးတွေကို သေချာဖတ်ကြည့်လိုက်ပါဦး။

၁။ပါတီကိုအစောကြီးရောက်သွားတာမျိုး
ပါတီပွဲ ဖိတ်ထားတဲ့အချိန်ထက် အစောကြီးရောက်နေခြင်းက အဲ့ဒီပါတီပွဲလုပ်တဲ့ လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ အထူးသဖြင့် သူတို့မှာလည်း ကြိုတင်ပြင်ဆင်စရာတွေ ရှိနေပါလိမ့်မယ်။ ဒီတော့ သူတို့ပြောထားတဲ့အချိန်မှသာ ရောက်အောင်သွားလိုက်ပါ။

၂။ အလုပ်ရှုပ်စေမယ့် လက်ဆောင် ယူသွားတာမျိုး
ပါတီသွားတဲ့အခါ လက်ဗလာနဲ့မသွားသင့်တာတော့ သင်သိပြီးဖြစ်မှာပါ။ တစ်ခုခု ယူသွားမယ်ဆိုရင်လည်း အိမ်ရှင် ဒါမှမဟုတ် ပါတီပေးတဲ့လူတွေအတွက် အလုပ်ပိုရှုပ်မသွားစေတဲ့ လက်ဆောင်သာ ယူသွားပါ။ လက်ဆောင်အဖြစ် ယူသွားဖို့အကောင်းဆုံးအရာတွေက စားစရာတစ်ခုခု ဒါမှမဟုတ် အချိုပွဲစတာတွေက အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်လည်း ပွဲနောက်ပိုင်း သူတို့သုံးလို့ရမယ့် လက်ဆောင်မျိုးရွေးပါ။

၃။ တစ်အိမ်လုံးလျှောက်သွားနေတာမျိုး
ပါတီပွဲကျင်းပတဲ့ အိမ်တစ်အိမ်လုံး ကိုယ့်အိမ်လို သဘောထားပြီး တစ်ခန်းဝင်တစ်ခန်းထွက် ၀င်တာထွက်တာမျိုးတွေ ရှောင်ပါ။

၎။ ပါတီပေးတဲ့လူနားမှာပဲ ကပ်နေတာမျိုး
ပါတီပေးတဲ့လူက ကိုယ့်အချစ်ဆုံးသူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ့်ချစ်သူ ဖြစ်နေရင်တောင်မှ ပွဲတီပွဲလာတဲ့လူတွေကို သူက ဧည့်ခံနေရတာမျိုးတွေ ရှိနေမှာမို့ သူ့နားကတဖ၀ါးမှမခွာပဲ ကပ်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။

၅။ ဖုန်းတစ်လုံးနဲ့တစ်ချိန်လုံး အလုပ်ရှုပ်နေတာမျိုး
သင့်ဖုန်းကို ပါတီရောက်ကတည်းက လက်ကမချနိုင်ပဲ တစ်ချိန်လုံးနီးပါး screen ကိုကြည့်ပြီး အင်တာနက်သုံးနေတာမျိုး၊ ဂိမ်းဆော့နေတာမျိုးက ပါတီလာတဲ့လူတွေနဲ့ ပါတီပေးတဲ့လူတွေအပေါ် ရိုင်းပြတဲ့အပြုအမူတစ်ခု လုပ်လိုက်သလိုပါပဲ။ ပါတီမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မိတ်ဆွေ အသစ်အဟောင်းတွေကို စကားပြောဆိုနေရမယ့်အစား ခုလိုလုပ်ဆောင်နေခြင်းမျိုးတွေက သင့်ကို အားလုံးစိတ်ပျက်သွားစေပါလိမ့်မယ်။

၆။မထတမ်း ထိုင်နေတာမျိုးတွေ
ရောက်ကတည်းက ထိုင်နေတဲ့ နေရာကနေ တဖ၀ါးမှမခွာပဲ နေတာမျိုးထက်စာရင် ပါတီပေးတဲ့လူကို ဘာကူလုပ်ပေးရဦးမလဲ မေးတာမျိုး၊ ဒါမှမဟုတ် တခြားခင်တဲ့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတာမျိုးတွေက ပါတီပွဲတစ်ပွဲမှာ ဖြစ်သင့်တဲ့အရာတွေပါ။

၇။ နှုတ်ဆက်စကားမပြောပဲ ပြန်လာတာမျိုး
ပါတီပေးတဲ့လူတွေကို ရောက်ရင်နှုတ်ဆက်စကားပြောပြီး ပြန်တဲ့အခါ ကျေးဇူးတင်စကားပြောသင့်ပါတယ်။ ကိုယ်ပြန်မယ့်အချိန် တစ်နေရာရာရောက်နေရင်၊ ရှာရခက်နေရင်တော့ တစ်မျိုးပါ။ မဟုတ်ရင်တော့ သင့်ကိုဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်စကားပြောပြီးမှ ပြန်လာသင့်ပါတယ်။

Credit :Trend Myanmar