Breaking News

အင်တာနက်က အလှအပရေးရာနည်းအသစ်တွေဟာ သင့်ကျန်းမာရေးကို များစွာထိခိုက်စေနိုင်



ကျွန်မတို့အင်တာနက်သုံးတဲ့အခါ အလှအပရေးရာနဲ့ပတ်သက်ပြီး ဘယ်လိုလေး ပြင်ရမယ်၊ ဘယ်အလှကုန်တွေ သုံးသင့်တယ်ဆိုတဲ့ အကြံပေးချက်၊ နည်းလမ်းသစ်တွေအများကြီး ဖတ်ရမှာပါ။ YouTube ကပဲ အလှအပရေးရာနဲ့ပတ်သက်ပြီး ပြင်ဆင်ခြယ်သနည်းတွေလေ့လာမလား၊ facebook မှာပဲ စာတွေဖတ်ဦးမလား အလှအပကိုနှစ်ခြိုက်တဲ့ ပျိုမေတွေအတွက်တော့ အိမ်အပြင်မထွက်ပဲ ဗဟုသုတတွေ အများကြီးတိုးပွားစေနိုင်တဲ့ အရာတွေပေါ့။ ဒါပေမယ့် အင်တာနက်က ဒီလိုကောင်းကျိုးတွေ ပေးသလို ဆိုးကျိုးတွေလည်း ပေးနေပါတယ်။ အထူးသဖြင့် တစ်ချို့ အလှအပရေးရာနည်းလမ်းသစ်တွေက သင့်အသားအရေကိုတင်မကပဲ ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေ ဖြစ်စေတဲ့အထိကို အန္တရာယ်ဖြစ်စေနိုင်တာပါ။ ဘယ်လိုဟာမျိုးတွေလည်း ကြည့်ရအောင်။

၁။ ၀က်ခြံကို တွယ်ချိတ်အသစ်နဲ့ ဖောက်တာမျိုး
မျက်နှာက ၀က်ခြံကို တွယ်ချိတ်အသစ်၊ ဒါမှမဟုတ် အပ်နဲ့ဖောက်လို့ရတယ်ဆိုပြီး ဘယ်တုန်းကမှ ကြားခဲ့ဖူးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ၀က်ဘ်ဆိုက်ဒ်တစ်ချို့က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုးမွှားကင်းစင်တဲ့ ချိတ်၊ အပ်တွေနဲ့ ၀က်ခြံကို ဖောက်နိုင်တဲ့ သဘောရေးသားထားတာကို ဖတ်လိုက်ကြရမှာပါ။ ဘယ်လောက်ပဲ စိတ်ချရတဲ့အပ်၊ ပိုးမွှားကင်းစင်တဲ့ အပ်ဖြစ်နေပါစေ အသားအရေအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဘက်တီးရီးယားဆိုတာကလည်း ရှိကိုရှိနေပါလိမ့်မယ်။ အနည်းဆုံး မျက်နှာမှာ အမာရွတ်တွေ၊ ဒဏ်ရာတွေတော့ကျန်ခဲ့မှာပါ။ ဒီနည်းကို လုံးဝမစမ်းသင့်ပါဘူး။

၂။ အိုင်းလိုင်နာအတွက် ချွန်ထက်တဲ့ markerတွေကို အသုံးပြုတာမျိုး
Taylor Swift က သူမရဲ့ကြောင်မျက်လုံးပုံသဏ္ဍာန်အိုင်းလိုင်နာကို ချွန်ထက်တဲ့ markerနဲ့ ဆွဲခဲ့တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒီအကြံဥာဏ်ဟာ လုံးဝလိုက်မလုပ်သင့်တဲ့ အကြံတစ်ခုပါပဲ။ marker ဆိုတာ အသားအရေအတွက် ထုတ်လုပ်ထားတာမျိုး မဟုတ်တဲ့အတွက် အသားရေယားယံတာ၊ အနီကွက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ မျက်လုံးနားတစ်ဝိုက်မှာ marker နဲ့ဆွဲဖို့ဆိုတာ ပိုလို့တောင်ကြောက်စရာကောင်းပါသေးတယ်။

၃။ ဆံပင်ကိုဖျန်းတဲ့စပရေးကိုမျက်နှာအသားအရေအတွက် သုံးတာမျိုး
မိတ်ကပ်ခြယ်သတာ အားလုံးပြီးသွားပြီဆိုရင် မိတ်ကပ်သားမပျက်ပဲ ကြာရှည်ခံအောင် စပရေးဖျန်းပေးတတ်ကြပါတယ်။ setting spray တွေက ဈေးကြီးပေမယ့် ဒီနေရာအတွက်သုံးမယ်ဆိုရင် ဒီစပရေးကသာ အကောင်းဆုံးပါ။ ဒီစပရေး မရှိလို့ဆိုပြီး ဆံပင်ဖျန်းတဲ့စပရေးကို သုံးစရာ ဘာအကြောင်းမှမရှိပါဘူး။ ဆံပင်ဖျန်းတဲ့စပရေးဟာ သင့်မျက်နှာကို စေးကပ်ကပ် ဖြစ်စေရုံတင်မကပါဘူး။ ချွေးပေါက်တွေပိတ်စေပြီးဝက်ခြံပါ ထွက်လာစေနိုင်ပါတယ်။ သူ့မှာ ပါဝင်ပစ္စည်းတွေက အရက်ပြန်တွေ အများကြီးပါတာမို့ အသားအရေလည်း ခြောက်စေတတ်ပါတယ်။

Credit :Trend Myanmar