Breaking News

ဇာတ်ဝင်သီချင်းကောင်းကောင်းတွေနဲ့ ကြည့်ရှုသူတွေ သုံးဆောင်နိုင်မယ့် Café Society ဇာတ်ကား



ဇာတ်လမ်းကို ဇာတ်ကြောင်းပြောသူတစ်ယောက်ရဲ့ အသံနဲ့ စတင်ထားပြီး ဒါရိုက်တာ Woody Allen က လူကုံထံ ပါတီပွဲတစ်ခုဆီ ရိုက်ကူးပြသခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နယူးယော့ခ် က ဖုန်းကောလ်တစ်ခုဝင်လာပါတယ်။ ဘော့ဘ်ရဲ့ ဦးလေးဆီကို ဘော့ဘ်ရဲ့ အမေက သူ့သားအတွက် အလုပ်အကိုင်တစ်ခုခု ရလိုရငြား အကူအညီ တောင်းခံခေါ်ဆိုလာခြင်းဖြစ်ပါတယ်။

၁၉၃၀ ခုနှစ်မှာ ဘော့ဘ်တစ်ယောက် ဟောလီးဝုဒ်မှာရှိတဲ့ လုပ်ငန်းရှင် ဦးလေးတစ်ယောက်ဆီကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ အဲဒီမှာပဲ ဘွန်နီဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတော့တယ်။ အမျိုးသမီးဟာ ဘော့ဘ်နဲ့ ချစ်သူရည်းစားတွေ မဖြစ်ခင်ကတည်းက သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက်နေနှင့်ခဲ့ပြီးသားပါ။ ဘော့ဘ်အဖြစ် Jesse Eisenberg၊ ဘွန်နီအဖြစ် Kristen Stewartတို့က အဓိကထား သရုပ်ဆောင်ထားပါတယ်။ ၁၉၃၀ နောက်ခံ မြင်ကွင်းတွေနဲ့ လူငယ်လူရွယ်တို့ရဲ့ အချစ်ကို Setting ကောင်းကောင်းနဲ့ တွဲစပ်ထားတဲ့ ဒရမ်မာရုပ်ရှင် ကောင်းကောင်းတစ်ကားပဲဖြစ်ပါတယ်။

ရိုးရှင်းတဲ့ ဘ၀ကို လူငယ်တွေ ဘာကြောင့် သက်တောင့်သက်သာ ခုံမင်လဲ။ ဂုဏ်ပကာသနဲ့ ငွေကြေး နဲ့ ကျော်ကြားမှုမှာ ဘယ်သူတွေ ပျော်ဝင်နေကြသလဲ။ ပင်လယ်တစ်ခုရဲ့ ကမ်းခြေမှာ လှိုင်းပုတ်သံတွေကြားမှာ ချစ်သူနှစ်ယောက်ရဲ့ ချိန်းဆိုမှုက နေရောင်အောက်မှာ။ ချစ်သူဟောင်းနဲ့ ချစ်သူအသစ်ကြား ဝေခွဲမရတဲ့ ဘွန်နီကို လူကြီးမင်းတို့တွေ့မြင်ကြရမှာဖြစ်ပါတယ်။

“တစ်ခုသော ညနေခင်းမှာ အတိတ်က လမ်းလျှောက်ဝင်လာပါတယ်”တဲ့။ ဇာတ်ကြောင်းပြောသူကဆိုပါတယ်။ ဘယ်အတိတ်ကများ ဘယ်သူ့ဆီကို ဘယ်လိုလမ်းလျှောက်ဝင်လာမလဲ။ အပျော်တွေနဲ့လား။ တုံဏှိဘာဝေတိတ်ဆိတ်မှုတွေနဲ့လား။ ဒါမှမဟုတ် တစ်ခြားသော တစ်နည်းတစ်ဖုံနဲ့လား။ ဇာတ်ဝင်သီချင်းကောင်းကောင်းတွေနဲ့ Café Society ကို သုံးဆောင်နိုင်ပါပြီ။

ကျွန်တော် အကြိုက်ဆုံး ဒိုင်ယာလော့်ခ်တစ်ခုကို ပြောပြရမယ်ဆိုရင်တော့ ဘော့ဘ်ရဲ့ ယောက်ဖဖြစ်သူ လီယိုနာ့ဒ် ကိုးကားလိုက်တဲ့ ဆိုကရေးတီးရဲ့ စကားပါပဲ။ အဲဒါကတော့ “မစူးစမ်းမဆင်ခြင်တဲ့ ဘ၀မှာ နေရတာ အသက်ရှင်ဖို့ မထိုက်တန်ဘူး။ ဒါပေမဲ့ စူးစမ်းဆင်ခြင်တဲ့ ဘ၀ကလည်းဈေးမပေါပါဘူး”ဆိုတာပါပဲ။ ကျေးဇူးပြုပြီး မျက်တောင်မခတ်မိပါစေနဲ့။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဓာတ်ပြားပါ။ ။

Credit :Trend Myanmar