Breaking News

လက်သည်းညှပ်ကနေ HIV ကူးစက်လာသူအမျိုးသမီး



HIV ပိုးကူးစက်ပုံ နည်းလမ်းတွေဖြစ်တဲ့ သွေးကတဆင့်ကူးတာ၊ လိင်ဆက်ဆံရာကနေ ကူးစက်တာနဲ့ သုံးပြီးသား ဆေးထိုးအပ်ကနေတဆင့် ကူးနိုင်တယ်ဆိုတာကို လူတော်တော်များများသိထားကြပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကသာ HIV ဗိုင်းရပ်စ်ကူးစက်နိုင်တာ မဟုတ်ဘဲ လက်သည်းညှပ်ကနေတဆင့် ရောဂါကူးစက်ခံရတာကို ကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကို ဘရာဇီးနိုင်ငံမှာ မကြာခင်ကတွေ့ရှိခဲ့တဲ့အတွက် သတိထားစေလိုပါတယ်။

ဒီအမျိုးသမီးက သွေးလှူဖို့သွားတဲ့အချိန်မှာမှ ထိတ်လန့်စရာသတင်းကို ရခဲ့တာလို့ဆိုပါတယ်။ သူမက လိင် ဒါမှမဟုတ် မူးယစ်ဆေးဝါးကြောင့် ကူးစက်ခံရတာ မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ယုံကြည်ထားပါတယ်။  သို့သော်လည်း အရင်က သူ့ရဲ့ လက်သည်းညှပ်ကို သူများကို ငှားပေးခဲ့ဖူးတာကို သတိရမိတဲ့အချိန်မှာ အဖြေကိုရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်က HIV ပိုးရှိတယ်လို့ နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့တဲ့ သူ့ရဲ့အမဝမ်းကွဲတစ်ယောက်နဲ့ လက်သည်းညှပ်အတူတူ သုံးခဲ့ဖူးပါတယ်။

ဆရာဝန်တွေက သူနဲ့ သူ့အမရဲ့ HIV ပိုးနမူနာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇတူတာကို တွေ့ရှိခဲ့တာကြောင့် လက်သညးညှပ်ကတဆင့် HIV ပိုးကူးစက်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
အခု လက်ရှိအချိန်မှာ လက်သည်းအလှပြင်တဲ့ ပစ္စည်းတွေကို HIV ကူးစက်စေနိုင်တဲ့ ပစ္စည်းတွေအဖြစ် မမြင်တတ်ကြပါဘူး။ လက်သည်းညှပ်ကနေ HIV ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတာ ဖြစ်ခဲတဲ့ ဖြစ်ရပ်ဆိုပေမဲ့ သတိဆိုတာ ပိုတယ်မရှိတဲ့အတွက် သတိထားပြီးအခြားတစ်ယောက်နဲ့ မျှမသုံးမိဖို့ သတိထားတာ အကောင်းဆုံးပဲဖြစ်ပါတယ်။

Credit :Trend Myanmar