Breaking News

မောင်တစ်ထမ်း မယ်တစ်ရွက် – TRENDING


ဖေ့စ်ဘွတ်ခ် သုံးကြတဲ့ မြန်မာတွေကြားထဲ ဒီကနေ့ လက်ဆင့်ကမ်း အပြောများနေတဲ့ အကြောင်း တစ်ခုကတော့ အသက် ၈ဝ နီးပါး ခင်ပွန်းသည်နဲ့ အသက် ၇ဝ နီးပါး ဇနီးသည်တို့ ချစ်ခင် ကြင်နာ ကြလျက်သား ဒိုးတူ ဘောင်ဘက် လုပ်ကိုင် စားသောက် နေတာကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။
မြန်မာပြည် အထက်ပိုင်းက မြို့ကြီးတစ်ခုရဲ့ လမ်နံဘေး အုတ်တံတိုင်း ခြေရင်းမှာ မိုးကာစ ကို ဖြန့်ခင်းပြီး ယောက်ျားစီး မိန်းမစီး ကတ္တီပါ ဖိနပ်လေးတွေကို သပ်သပ်ရပ်ရပ် ညီညီညာညာ စီရင်းသား ဇနီးမောင်နှံ နှစ်ဦး ရောင်းချ နေတာ ဖြစ်ပါတယ်။
ခင်ပွန်းသည် ဖြစ်သူက ဈေးရောင်း သက်သက် မဟုတ်ပဲ၊ အဲဒီ့ နေရာမှာတင် ဖိနပ် အောက်ခံ ခုံတွေ၊ ကတ္တီပါ စတွေ နဲ့ တခါတည်း ဖိနပ် ရိုက်လက်စတွေ ရှိတာကိုလည်း ပုံတွေထဲ တွေ့နေ ရပါတယ်။
ဒီ အသက်အရွယ် အထိ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ လုပ်ကိုင် စားသောက်နေတာကို ဖြတ်သွားဖြတ်လာ တစ်ယောက်က တွေ့တော့ ဓာတ်ပုံတွေ ရိုက်ယူရင်း အင်တာနက်ပေါ် တင်တော့ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ရောင်းကောင်းပါစေ၊ ကျန်းမာပါစေ ဆိုပြီး ဆုတောင်း မေတ္တာ ပို့သပေးသူတွေ အများအပြား ရှိနေကြပါတယ်။
ဒီ အရွယ်အထိ ကိုယ့်အားကိုယ်ကိုးပြီး တတ်တဲ့ပညာနဲ့ သမ္မာအာဇီဝ လုပ်ကိုင် ရှာဖွေ စားသောက် နေတာကို ချီးကျူး ပြောဆို နေကြသလို၊ တိုင်းပြည်မှာ လူမှုဖူလုံရေး အာမခံချက် မရှိလို့သာ ဒီ အသက်အရွယ်ထိ အလုပ်လုပ် နေကြရတာ ဖြစ်တယ် ဆိုပြီး မှတ်ချက် ချနေသူတွေ ကိုလည်း တွေ့နေရပါတယ်။
ဘီဘီစီမြန်မာပိုင်း