Breaking News

အမြန်လမ်းက လူရှစ်ယောက်သေဆုံးခဲ့တဲ့ အံစာတုံးမီးလောင်မှုဖြစ်စဉ် မသမာမှုတွေ ရှိနေတယ်လို့ဆို"


play

ဇန်နဝါရီ  ၂၁ ရက် မနက် ၈းဝ၀ နာရီ ပတ်ဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်း ရန်ကုန်ဘက်အဝင် လေးမိုင်လောက်အကွာမှာ မီးလောင်ပြီး လူရှစ်ယောက်သေဆုံးခဲ့တဲ့ အံစာတုံးကားမီးလောင်မှုဖြစ်စဉ်က သံသယဖြစ်စရာတွေရှိနေပြီး မသမာမှုတွေရှိနေတယ်လို့ ကားမီးလောင်ပြီး သေဆုံးခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မသင်းသင်းမော်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောခဲ့ပါတယ်။
"ကားမီးလောင်တဲ့နေဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့ ကိုအောင်ခန့်ကို ပတ်သက်ပြီး အမြင်တွေအမျိုးမျိုးဖြစ်နေတာတွေရှိတယ်။ ဖြစ်စဉ်က သမရိုးကျမဟုတ်လို့ ပြန်လည်စီစစ်ဖို့ ပြောနေတာပါ။ ကျနော်ကိုယ်တိုင်လည်း မယုံနိုင်ဘူးဖြစ်နေလို့ ပြန်လည်စိစစ်နေတာပါ။ ကျနော်တို့က သေဆုံးသွားတဲ့သူတွေရဲ့ကာယကံရှင်တွေပါ၊ အောင်ခန့် အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူပါ။ ကျနော်တို့ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတာကို ထည့်ပြီးစဉ်းစားစေချင်ပါတယ်။ ကားတစ်စီးလုံးအတွင်းပိုင်းတွေပါ မီးလောင်ကြွမ်းခဲ့တဲ့အတွက် ကျနော်တို့မှာ သံသယ၀င်ပိုင်ခွင့်ရှိပါတယ်"လို့ ကိုအောင်ကိုဦးက ပြောပါတယ်။
play

မီးလောင်ကြွမ်းခဲ့တဲ့ အံစာတုံးကားမီးလောင်ကြွမ်းတဲ့ အချိန်ကအရမ်းမြန်နေလို့ ဒါကို သံသယရှိနေတယ်လို့ ကိုအောင်ကိုဦးက ပြောခဲ့ပြီး ဖြစ်စဉ်ကို သုံးသပ်လေ့လာကြည့်တဲ့အချိန်မှာ  မရိုးသားမှုတွေရှိနေတယ်လို့ထင်ကြောင်း ကိုအောင်ကိုဦးက ပြောပါတယ်။
သေဆုံးသူတွေက အမျိုးသမီးခုနစ်ဦးနဲ့ ယာဉ်မောင်းအမျိုးသားတစ်ဦးအပါအ၀င် စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့တယ်လို့ အမှတ် (၃)လမ်းဆုံ အမြန်လမ်းရဲစခန်းကနေ သိရပါတယ်။ ဖြစ်စဉ်က လူသေဆုံးမှုဖြစ်တာကြောင့် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကိုအောင်ခန့်ကို ရန်ကုန်-နေပြည်တော် အမြန်လမ်းလေးမိုင်နားက ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ကားမီးလောင်ကျွမ်းတဲ့ ယာဉ်ပေါ်မှာ သေဆုံးခဲ့သူတွေက ရန်ကုန်မြို့ ဆဋ္ဌဂံမြန်မာ ဆောက်လုပ်ရေး ကုမဏီက မမေသူ ကို၊ မသင်းသင်းမော်၊ မဝင်းပပဌေး၊ မခိုင်မြတ်ဦး၊ မခင်သီတာ၊ မမြတ်မြတ်အေး၊ မယုရတနာလင်းနဲ့ ကားမောင်းသူ ကုမဏီရဲ့ စီအီးအို ကိုဝင်းထွန်းတို့ဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူတွေရဲ့ နာရေးပြီးရင် ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စစ်ဆေးဖို့ သေဆုံးသူတွေရဲ့ကာယကံရှင်မိသားစုတွေနဲ့ အမြန်လမ်းရဲစခန်းတာဝန်ရှိသူတွေက တွေ့ဆုံစစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ ကိုအောင်ကိုဦးက ပြောပါတယ်။
Photos : 7DayDaily