Breaking News

လက်စတာ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ခံရသည့် ဘောလုံးပါရမီရှင် မွန်ကလေးငယ်အကြောင်း တစေ့တစောင်း (ရုပ်သံ)


ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အထူးရေပန်းစားနေတာကတော့ ရုပ်သံအစီအစဉ်တခုမှာ ဘောလုံးကို အံ့သြဘွယ်ရာ ထူးချွန်စွာ ကစားပြပြီး ဆုတွေဆွတ်ခူးခဲ့တဲ့ အသက် ၇ နှစ်ရွယ် နောင့်ဖီး ဆုဝင်း လို့ခေါ်တဲ့ မြန်မာပြည်က မွန်တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်တဦး အကြောင်းပဲ ဖြစ်ပါတယ်။

တော်ရုံကျွမ်းကျင်ရုံနဲ့ ထိအောင်ကန်နိုင်ဖို့ ခဲယဉ်းတဲ့ ဂိုးတိုင်ဘားတန်းကို ၅ ကြိမ်တိုင်တိုင် ထိအောင်ကန်ပြနိုင်ပြီးတဲ့နောက် အနာဂတ်အလားအလာကောင်းတဲ့ သူ့ကို စိတ်ဝင်စားသူ များနေတာပါ။

အဲဒီထဲမှာ ယမန်နေ့ကတော့ ကမ္ဘာမှာ နာမည်ကြီး လက်စတာစီးတီး ဘောလုံးကလပ်အသင်း ပိုင်ရှင် King Power ကုမ္ပဏီက သူ့ကို ဘန်ကောက်မှာရှိတဲ့ သူတို့ကုမ္ပဏီရုံးခန်းဆီ အလည်အပတ် ခေါ်ဆောင်သွားခဲ့ပါတယ်။

ကုမ္ပဏီရုံးခန်းမှာ နောင်ဖီးကို ပရီးမီးယားလိဂ် ဆုဖလားနဲ့ နာမည်ကြီး ဘောလုံးသမားတွေရဲ့ ဓာတ်ပုံတွေ ပြသခဲ့သလို သူ့အတွက် အထူးချုပ်ပေးထားတဲ့ ဘောလုံးကစားသမားအဝတ်တစုံကို ချီးမြှင့်ပြီး  တရင်းတနှီးနဲ့ အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

ရုံးခန်းထဲမဝင်ခင် ပရီစင်တာက နောင့်ဖီးကို ဘယ်သူနဲ့တွေ့ရမယ်လို့ထင်သလဲလို့ မေးတဲ့အခါ နောင့်ဖီးက ဘောလုံးသမား မာရက်ဇ်နဲ့ ဗာဒီ လို့ဖြေတဲ့အတွက် ကုမ္ပဏီက သူတို့တွေ အင်္ဂလန်မှာရှိတာလို့ ပြန်ဖြေပါတယ်။

အခန်းကျယ်ကြီးတစ်ခုထဲရောက်သွားတော့ ဒါဘာဆုဖလားလဲ လို့မေးတဲ့အခါ နောင့်ဖီးက ပရီးမီးယားလိဂ်ဆုဖလားလို့ ခပ်သွက်သွက်ဖြေကြားပြီး နံရံမှာချိတ်ထားတဲ့  ထူးချွန်ဘောလုံး သမား ဓာတ်ပုံတွေပြရာမှာ နောင့်ဖီးက အမည်နဲ့ နံပါတ်တွေပါ ပြောပြနိုင်ခဲ့ပါတယ်။

လက်စတာဘောလုံးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာ အိုင်ယာဝပ် ဆီဝပ်ထနပဖားက နောင့်ဖီးဟာ ကြိုးစားမှု မြင့်မားတဲ့ ကလေးတဦးလို့ ရှုမြင်ကြောင်း၊ ဘယ်အရာမှာပဲဖြစ်ဖြစ် ဒီလိုကြိုးစားတဲ့ ကလေးဟာ ကောင်းမွန်တဲ့အနာဂတ်ကို ရရှိမှာဖြစ်ကြောင်း၊ ဘောလုံးသမားတွေအနေနဲ့ ဂိုးတိုင်ကို ထိအောင်ကန်နိုင်ဖို့ရာ မလွယ်ကူပေမယ့် ဒီကလေးကတော့ ၅ ကြိမ်ဆက်တိုက် ထိမှန်အောင် ကန်နိုင်သူမို့ ဒီလို  ထူးချွန်တဲ့ကလေးမျိုးကို ပံ့ပိုးပျိုးထောင်ပေးသင့်တယ်လို့ ပြောသွားပါတယ်။

မစ္စတာ အိုင်ယာဝပ်က သူ့ကို  တကယ်လို့ လက်စတာအသင်းမှာ ကစားပေးဖို့ ဖိတ်ခေါ်ရင် ဘယ်လောက်ကြေးပေးရမလဲလို့ မေးတဲ့အခါ နောင့်ဖီးက ဘတ် ၂၀ လို့ ပြန်ဖြေပါတယ်။

ထပ်ပြီးတော့ သူ့ကို ဘာဆုလိုချင်သလဲလို့ မေးတဲ့အခါ သူက ဆိုင်ကယ်ဖြစ်ဖြစ်၊ စက်ဘီး ဖြစ်ဖြစ် တစ်စီးလောက် လိုချင်ကြောင်း၊ စီးတတ်လို့လားလို့ ပြန်မေးတော့ နောင့်ဖီးက သူ့အမေကို ပေးချင်လို့ လို့ ပြောတဲ့အတွက် အားလုံးသဘောကျသွားပါတယ်။

ကိုယ်လိုချင်တဲ့အရာကို ရဖို့ ဘာလုပ်ရမလဲလို့ မေးရာမှာ နောင့်ဖီးက ကြိုးစားလေ့ကျင့်ရမယ်လို့ ဖြေကြားသွားပါတယ်။

နောင့်ဖီးရဲ့ မိဘတွေကတော့ မြန်မာပြည်က မွန်တိုင်းရင်းသား ဦးဝင်း နဲ့ ဒေါ်စုတို့ ဖြစ်ကာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ၀င်ရောက်လာပြီး လက်ရှိ  ဘန်ကောက် ဘန်ကပိ နယ်မြေ ဆီနတ်ခလင်းလမ်းရှိ Inter Thailand Football Academy ဘောလုံးလေ့ကျင့်ရေးေ ကျာင်းမှာ ဘောလုံးကွင်းမြက်ခင်းတွေကို ရေလောင်းပေးရတဲ့ အလုပ်ကို လုပ်ကိုင်နေတယ်လို့ သူတို့ အလုပ်ရှင် ဘောလုံးလေ့ကျင့်ရေးကျောင်းအုပ်ဆရာ ဆုမ်ဘတ် လိကမ်နုတ်ထိုင်းက Work Point တီဗွီသတင်း ဌာနကို ပြောပါတယ်။

နောင့်ဖီးကိုတော့ ထိုင်းမှာပဲ မွေးဖွားခဲ့ပြီး အသက် ၄ နှစ်သား အရွယ်ကတည်းက သူများ ကလေးတွေ ဘောလုံးလေ့ကျင့်နေတာကို စိတ်ဝင်တစား အားကျစွာကြည့်ခဲ့သလို ဘောလုံး ကန်ချင်တယ်လို့ ပြောတဲ့အတွက် သူ့ကိုအရင်စမ်းသပ်ပြီး လေ့ကျင့်သင်ကြားပေးခဲ့တာလို့  ဆရာ ဆုမ်ဘတ်က  ပြောပါတယ်။

လူမှုကွန်ရက်မှာ နေ့ချင်းညချင်းနာမည်ကြီးသွားတဲ့ နောင့်ဖီးကို သတင်းဌာနတွေက လာရောက် အင်တာဗျူးကြသလို တချို့ ဘောလုံးကလပ်က သူ့ကို ပညာသင်ထောက်ပံ့ကြေးပေးပြီး ဘောလုံးလေ့ ကျင့်ပေးမယ်လို့ ကမ်းလှမ်းကြောင်း၊ ဒါပေမယ့် ကလေးကအရမ်းငယ်တော့ သူ့မိဘတွေ ဘာမှ မဆုံးဖြတ်သေးဘူးလို့ ဆိုပါတယ်။

ထိုင်းအမျိုးသားဘောလုံးအသင်း တွဲဘက်အတွင်းရေးမှူးကလည်း ဘောလုံးကွင်းထိ နောင့်ဖီးကို ကိုယ်တိုင်လာရောက်အားပေးပြီး ထိုင်းမှာမွေးဖွားပြီး နိုင်ငံအတွက် အကျိုးပြုမယ်ဆိုရင် ထိုင်းနိုင်ငံသား ဖြစ်အောင် ကြိုးစားပေးမှာဖြစ်သလို ပညာသင်ထောက်ပံ့ကြေးတွေရအောင်လည်း ဆောင်ရွက်ပေး မယ်လို့  Work Point တီဗွီသတင်းဌာနကို ပြောသွားပါတယ်။

Credit :DVB TV News