Breaking News

မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာ သတို့သမီးလောင်းတွေ ပြုလုပ်တတ်ကြတဲ့ အမှား (၈) မျိုး



မင်္ဂလာပွဲက မနက်ဖြန်ဆိုရင် ဒီနေ့ညလောက်မှာ သတို့သမီးတွေ ရင်ခုန်စိတ်လှုပ်ရှားနေတတ်ကြတာ သဘာဝပါ။ စောစောအိပ်ယာဝင်ရင် လည်း မနက်ဖြန်အဆင်ပြေပါ့မလားတွေးပြီး အိပ်မပျော်တတ်ကြသလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ကြတဲ့ ညမျိုးပါ။ ဒီလို ညမျိုးမှာ သတို့သမီးတွေ အနေနဲ့ မထင်မှတ်ပဲ လုပ်မိသွားတဲ့ အမှားလေးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအမှားတွေကြောင့် မင်္ဂလာပွဲမှာ ထင်သလောက် အဆင်မပြေဖြစ်သွားတဲ့ သတို့သမီးတွေလည်း မနည်းပါဘူး။ ဒါ့ကြောင့် မင်္ဂလာပွဲမတိုင်ခင် ရှေ့တစ်ရက်မှာ သတို့သမီးတွေအနေနဲ့ ဒီလိုအမှားမျိုးတွေ မလုပ်ကြဖို့ ပြောပြလိုက်ရပါတယ်။

၁။ကိုယ်နဲ့အဆင်မပြေတဲ့ ဖိနပ်တွေ စီးမိသွားခြင်း
အမျိုးသမီးတွေဟာ ကိုယ်နဲ့မတော်တဲ့ ဖိနပ်မျိုးတွေကို လှချင်ရုံသက်သက်၊ ဖက်ရှင်ကျချင်ရုံသက်သက်နဲ့ မျက်စိစုံမှိတ် စီးတတ်ကြပါတယ်။ တကယ်လို့ သင်ဟာ မနက်ဖြန်မှာ မင်္ဂလာပွဲရှိနေမယ့်လူဆိုရင် ဒီလို ကိစ္စမျိုးလုံးဝ မလုပ်သင့်ပါဘူး။ ခဏပဲစီးမှာ ဘာမှမဖြစ်ပါဘူးဆိုပြီး ကိုယ်နဲ့အဆင်မပြေတဲ့ ဖိနပ်ကို စီးပြီး အပြင်ထွက်မယ်ဆိုရင် သင့်ခြေထောက်မှာ ဒဏ်ရာ၊ ပွန်းပဲ့တာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၂။အလွန်အကျွံသောက်စားမိခြင်း
သူငယ်ချင်းတွေ ကိုယ့်အိမ်ရောက်လာလို့၊ ဒါမှမဟုတ် မနက်ဖြန်မင်္ဂလာဆောင်ရတော့မှာမို့ လူစုပြီး သောက်ကြတာတို့ မလုပ်ရင်တော့ အကောင်းဆုံးပါ။ မဟုတ်ရင် ရေဓာတ်ခမ်းခြောက်တာမျိုး၊ အရက်နာကျတာမျိုးတွေ မဖြစ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ အကြိုပွဲလေး လုပ်မယ်ဆိုရင်တောင် ဘယ်နှစ်နာရီအထိပဲ ဆိုတဲ့ကန့်သတ်မှုလေးနဲ့ လုပ်သင့်ပါတယ်။ အရက်ကတော့ လုံးဝမသောက်သင့်ပါဘူး။

၃။ဆိုရှယ်မီဒီယာတွေ စွတ်သုံးခြင်း
မနက်ဖြန်မင်္ဂလာပွဲ ဒီည လုပ်စရာတွေအားလုံးလုပ်ပြီးသွားလို့ ဆိုရှယ်မီဒီယာလေးသုံးပြီး အချိန်ဖြုန်းမယ်လို့ စိတ်ကူးရင်မှားသွားပါလိမ့်မယ်။ တစ်ခါတစ်လေ ဆိုရှယ်မီဒီယာပေါ်က အာရုံနောက်စရာကောင်းတဲ့ပို့စ်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားတတ်သလို၊ သူများမင်္ဂလာဆောင်ပုံတွေ မြင်တဲ့အခါ ကိုယ့်မင်္ဂလာဆောင်ကတော့ ဘယ်လို၊ သူတို့ကဖြင့် ဘယ်လိုဆိုပြီး နှိုင်းယှဉ်မိသွားတာမျိုးတွေလည်း ရှိတတ်တာကြောင့် ဖြစ်နိုင်ရင် အဲ့ဒီညကို ဆိုရှယ်မီဒီယာပေါ် မတက်တာ အကောင်းဆုံးပါ။

၎။လိုတာရှင်းပေးမယ့် ငွေကိုင်မရှိသေးခြင်း
မင်္ဂလာပွဲမှာ တစ်ခုခုလိုအပ်တာတွေအတွက် ချက်ချင်း ငွေကိုင်ပြီးရှင်းပေးမယ့်သူ တစ်ယောက်တော့ လိုပါတယ်။ တစ်ခါတစ်လေ tips money ပေးတဲ့အခါမှာလည်း ကိုယ်ကိုယ်တိုင် ပိုက်ဆံအိတ်ထဲက လိုက်ရှာနေရတာထက်စာရင် ကြိုတင်စီစဉ်ထားဖို့ လိုပါတယ်။ မအိပ်ခင်မှ သတိရပြီး မနက်ကျမှ ငွေကိုင်အပြုးအပြဲရှာနေရတဲ့ အဖြစ်မျိုး မဖြစ်အောင် ကြိုတင်စီစဉ်ပါ။

၅။မျက်နှာပေါင်းတင်ခြင်း
မနက်ဖြန် မင်္ဂလာပွဲမှာလှနေဖို့မျက်နှာပေါင်းတင်မယ်ဆိုရင် မင်္ဂလာပွဲမတိုင်ခင်ညမှ ထလုပ်မယ့်အစား တစ်ပတ်အလို နောက်ဆုံးထားပြီး လုပ်တာအကောင်းဆုံးပါ။ တစ်ချို့ဆိုရင် သုံးနေကျပေါင်းတင်ကပ်ခွာတွေဘာတွေ မဟုတ်ပဲ တံဆိပ်သစ်ကို စမ်းသုံးတာမျိုးတွေလည်း လုပ်တတ်ကြပါတယ်။ အဲ့ဒါမျိုးတွေက လုံးဝရှောင်သင့်တဲ့ အရာတွေပါ။ တကယ်လို့ မျက်နှာအသားအရေနဲ့ အဆင်မပြေပဲ အဖုတွေ ထွက်လာမယ်၊ allergy ဖြစ်မယ်ဆိုရင် မနက်ဖြန်အတွက် ဘယ်လောက်စိတ်ညစ်လိုက်ရမလဲ။

၆။ညဘက်အိပ်ရေးဝအောင် မအိပ်ခြင်း
မင်္ဂလာပွဲမတိုင်ခင်ညမို့ ညဘက် စိတ်လှုပ်ရှားပြီး မအိပ်နိုင်ဖြစ်တာမျိုး ရှိတတ်ပေမယ့် အတတ်နိုင်ဆုံး စောစောအိပ်ယာဝင်ပြီး အိပ်ရေးဝအောင် ကြိုးစားတာ ကောင်းပါတယ်။

၇။လုံလောက်တဲ့ ရေပမာဏ မသောက်မိခြင်း
မင်္ဂလာမဆောင်ခင် ရှေ့ရက်တွေကတည်းက ရေကို လုံလုံလောက်လောက်သောက်ပေးထားဖို့ လိုပါတယ်။ ရေဓာတ်ခမ်းခြောက်မနေအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

၈။ အရာရာကို လိုက်စိတ်ပူပန်နေမိခြင်း
ငါမနက်ဖြန် အဆင်ပြေပါ့မလားဆိုပြီး အင်တာနက်တွေသုံးလိုက်၊ ထိုင်လိုက်၊ ထလိုက်၊ ရုပ်ရှင်ကြည့်လိုက် ဂနာမငြိမ်ဖြစ်နေတာက သင့်အတွက် ပိုဆိုးစေပါတယ်။ ဒါ့အပြင် မကောင်းတဲ့အတွေးတွေ လျှောက်တွေးပြီး စိတ်ပူပန်နေမယ့်အစား ငါမနက်ဖြန် အကောင်းဆုံး လုပ်နိုင်မှာလို့သာ တွေးပါ။ သင့်စိတ်ကို ငြိမ်ငြိမ်လေးထားပြီး တရားထိုင်တာမျိုး လုပ်နိုင်ပါတယ်။

Credit :Trend Myanmar