Breaking News

ဂီတကိုစွန့်လွှတ်တာဟာ ကိုယ့်ကိုယ်ကို စွန့်လွှတ်တာနဲ့အတူတူပဲလို့ ဖွင့်ဟလိုက်တဲ့ စမ်းရေ



နာမည်ကျော် တေးရေးဆရာ၊ ကဗျာဆရာ သုခမိန်လှိုင်ရဲ့ သမီးဖြစ်သူစမ်းရေဟာ ခုချိန်မှာ စင်္ကာပူနိုင်ငံမှာ နေထိုင်ရင်း Youtube မှာ ကိုယ်ပိုင် channel တစ်ခုနဲ့ နိုင်ငံတကာဂီတလောကကို ထိုးဖောက်ဖို့ကြိုးစားနေသူပါ။ သူမဟာ ၂၀၁၅နှစ်ကုန်လောက်ကစပြီး Youtube channel ကိုစလုပ်ဖြစ်ခဲ့ပေမယ့် တကယ်တမ်းသီချင်းတွေ ပုံမှန်တင်ဖြစ်တာကတော့ ၂၀၁၆ခုနှစ် မေလလောက်ကျမှလို့ သိရပါတယ်။ စမ်းရေဟာ သူမကို ကူညီနိုင်မယ့်သူ ဟိုမှာ အများကြီးမရှိတာကြောင့် သီချင်းသွင်းရတဲ့အပိုင်း၊ အသံmixing ဆွဲရတဲ့အပိုင်း၊ production အပိုင်းတွေနဲ့ ပတ်သက်ရင် အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမယ့် အားမလျှော့ပဲ ကိုယ်ချစ်တဲ့အနုပညာကို ဆက်လက်ပုံဖော်ကြိုးစားခဲ့ပါတယ်။ 
 
"လွယ်တော့မလွယ်ပါဘူး။ ဒီမှာ ကိုယ့်ကို ကူညီနိုင်မယ့်သူ အများကြီးမရှိဘူး။ သီချင်းတွေ သွင်းရတာလည်း ဈေးကြီးတယ်။ အရင်ဆုံး ကိုယ်လုပ်လို့ရတာ ဘာရှိလဲ စဉ်းစားကြည့်ပြီး မိုက်ခရိုဖုန်းတစ်လုံးဝယ်ပြီး အဆိုတွေကို အိမ်မှာ သွင်းခဲ့တယ်။ အွန်လိုင်းကနေ အသံ mixing ဆွဲတဲ့သူတွေ၊ production လုပ်တဲ့သူတွေ၊ ကိုယ့်သီချင်းတွေ ကို ဈေးသက်သက်သာသာနဲ့ တီးပေးတဲ့ musician တွေကိုရှာခဲ့တယ်။ တစ်ခါတလေ ကံမကောင်းရင် ကောင်းကောင်း မလုပ်နိုင်တဲ့သူတွေနဲ့တွေ့ပြီး အစကပြန်စရတယ်။ တစ်ချို့သီချင်းတွေကျတော့ youtube က ရှာတွေ့တဲ့ instrumental တီးလုံးတွေကို သုံးခဲ့တယ်။” လို့ စမ်းရေက သူမကြုံရတဲ့ အခက်အခဲတစ်ချို့ကို ပြောပြခဲ့ပါတယ်။
 
ဒါပေမယ့် ကံကောင်းတဲ့အရာကတော့ ဗီဒီယိုရိုက်ကူးဖို့အတွက် ကူညီပေးမယ့် သူငယ်ချင်းတွေ ရှိခဲ့တာပါတဲ့။ ရိုက်ထားပြီးသား ကို editing လုပ်တဲ့အပိုင်းက ဈေးကြီးပြီး အရမ်းလည်းကြာတာကြောင့် နောက်ပိုင်းမှာတော့ သူမ ကိုယ်တိုင် ဗီဒီယိုတွေကို edit လုပ်တတ်အောင် သင်ယူလေ့လာခဲ့ပါတယ်။ အခုတော့ စမ်းရေရဲ့ cover သီချင်းတော်တော်များများကို သူမကိုယ်တိုင်ပဲ အသံသွင်း၊ mixing ဆွဲတာတွေကို စီစဉ်ပြီး ဗီဒီယို editing လည်း ကိုယ်တိုင်ပဲ လုပ်ပါတယ်တဲ့။အဲ့ဒါနဲ့ပတ်သက်ပြီး သူမက  "တစ်ခါတလေကျရင် ပင်ပန်းပေမယ့် ဒါတွေလုပ်ရတာပျော်ပါတယ်။ မကြာခင်မှာ ကြိုးစားခဲ့တာတွေ အရာထင်လာပြီး ဂီတလောကမှာ အောင်မြင်လာဖို့ပဲ မျှော်လင့်ပါတယ်”လို့ ဆိုသွားပါတယ်။
 
ဒီလို အခက်အခဲများကြားမှ မထင်မှတ်ထားသည့် ချိုမြိန်မှုတွေက ဘာများလဲရယ်လို့ သူမကိုမေးကြည့်မိပြန်တော့  “တစ်ခါကျတော့ Chainsmokers က သူတို့ရဲ့ သီချင်း Closer ကို ပြန်ဆိုထားတဲ့ စမ်းရေရဲ့ cover မှာ “cool cover” လို့ လာ comment ပေးသွားတယ်။ ဒီလို ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော်အနုပညာရှင်တွေက ချီးကျူးတာကို ခံရတဲ့အတွက်လဲ ကိုယ့် ကြိုးစားခဲ့ရမှုတွေအပေါ်မှာ စိတ်ချမ်းသာသွားမိပါတယ်။ မောခဲ့ရတာတွေ နဲ့အတူလည်း အရမ်းကိုပျော်မိပါတယ်။” တဲ့လေ။
 
ဒါ့အပြင် စမ်းရေရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကတော့ အရင်က ပလေးဘွိုင်သန်းနိုင်နဲ့ ဇော်ဝင်းထွဋ် အပါအဝင် အခြားအဆိုကျော်တွေ သီဆိုခဲ့ကြတဲ့ စီးကရက်မီးခိုးများ သီချင်းကို စမ်းရေက ပြန်လည်သီဆိုထားတာလေးပါ။ ဒီသီချင်းကို နားဆင်ချင်တဲ့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအရပ်ရပ်က တေးချစ်သူတွေအနေနဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ iTunes/ Google Play Store/ Spotifly ကတဆင့် ဝယ်ယူနားဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ 
 
သူမအနေနဲ့ စီးကရက်မီးခိုးများသီချင်းကို ဖခင်ရေးသားထားတဲ့ မြန်မာစာသားအပြင်၊ မူရင်း သီချင်း First Cut is the Deepest ရဲ့ အင်္ဂလိပ်စာသားနဲ့ပါ cover သီချင်းအဖြစ်ပြန်လည်သီဆိုထားတယ်လို့ သိရပါတယ်။ ယခု iTunes တွင် တင်ဖို့အတွက်လည်း တရားဝင် copyright ရယူထားပြီး ဖြစ်ပါတယ်။ 
 
ဖခင်ဖြစ်သူကလည်း နိုင်ငံကျော် တေးရေးဆရာဖြစ်တာမို့ သူမနှင့် ဂီတအကြား ဆက်နွယ်မှု ဘယ်လိုရှိသလဲဆိုတာကို စမ်းရေကို မေးကြည့်မိတော့ “ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရတာကတော့ မလွယ်ပါဘူး။ ဒါပေမယ့် ဂီတကို စွန့်လွှတ်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို စွန့်လွှတ်လိုက်တာနဲ့ တူမှာပါ။ သီချင်းတွေဟာ ဒီကမ္ဘာကြီးပေါ်မှာ အချစ်နဲ့ ပျော်ရွှင်မှုတွေကို ဖြန့်ဝေပေးနိုင်တယ်လို့ ယုံကြည်တယ်။ ကိုယ့်သီချင်းတွေကို နားထောင်ပြီး လူတွေ ပျော်ကြ၊ ကျေနပ်ကြမယ်ဆိုရင် ဒီအခက်အခဲတွေက တန်ပါတယ်” လို့ သူမရဲ့အမြင်ကို ပြောပြပေးသွားပါတယ်။ 
 
သူမရဲ့ Cover သီချင်းတွေကို နားဆင်ချင်သူတွေအတွက် အောက်ပါ youtube link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး သူမ၏ လတ်တလော လှုပ်ရှားမှုများနှင့် ပုံရိပ်များကိုလည်း အောက်မှာ ဖော်ပြထားတဲ့ Facebook စာမျက်နှာပေါ်မှာ  ကြည့်ရှုနိုင်ပါတယ်။