နောက်ထပ်ကလေးထပ်ယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ဒီအချက်(၆)ချက်က ပြောပြပေးနိုင်



အိမ်ထောင်ကျပြီး ပထမကလေးတစ်ယောက်ယူတုန်းက အတွေ့အကြုံမရှိတာရော၊ အလုပ်ကတစ်ဖက်၊ ကလေးကတစ်ဖက်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်ခဲ့ပြီး တော်တော်လည်း ပင်ပန်းခဲ့ဖူးတယ်ဆိုရင် ဒုတိယကလေးတစ်ယောက် ထပ်ယူဖို့ သင့်စိတ်ထဲ စိုးရွံ့နေတာမျိုးတွေရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ခုဆိုရင် သင်ဟာ အရာအားလုံးကို လေ့လာသင်ယူပြီးဖြစ်နေပါပြီ။ ဒါတင်မကသေးပါဘူး။ အခြားသောကလေးအမေတွေကိုလည်း ဘာတွေလုပ်၊ ညာတွေလုပ်ဆိုပြီးတော့တောင် အကြံကောင်းတွေ ပေးနိုင်နေပြီလေ။

တစ်ခါတစ်လေ ကိုယ့်စိတ်ထဲမှာ ငါနောက်ထပ်ကလေးတစ်ယောက်လောက် ထပ်လိုချင်လိုက်တာ ဆိုပြီး ဖြစ်နေရင်တောင် ငါဒါကို ကိုင်တွယ်နိုင်ပါ့မလားရယ်လို့ စိတ်ပူနေတတ်ကြတာ သဘာဝပါ။ ကိုယ့်အိမ်ထောင်ဖက်ကရော၊ ကိုယ်ကပါ နောက်ထပ်ကလေးတစ်ယောက် ထပ်လိုချင်နေတယ်ဆိုရင် ကိုယ့်အနေနဲ့ယူဖို့ အဆင်သင့်ဖြစ်မဖြစ် ဒီအချက်ကလေးတွေကို ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။

၁။ကလေးလေးတွေမြင်ရင် မနေနိုင်ဘူး။ ပွေ့ချီချင်တယ်။
ကိုယ့်ရှေ့က ဖြတ်သွားတဲ့ မိခင်နဲ့ကလေးကိုမြင်တာနဲ့ ပြုံးလျက်သား ငေးမိသွားတဲ့အပြင် ကလေးကို ပွေ့ချီခွင့်တောင် တောင်းမိတဲ့အထိပဲ။ ဒါဟာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်။ ကလေးလေးတွေမြင်တာနဲ့ ရောဂါ တက်နေပြီဆိုရင် သင်ဟာ နောက်ထပ်ကလေးယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။

၂။ သင့်ကိုကူညီပေးမယ့်သူတွေလည်း ရှိနေပြီ။
သင့်မိသားစုဝင်တွေထဲမှာ သင်ကလေးရလာတဲ့အခါ ကူထိန်းပေးမယ်ဆိုပြီး အမြဲအဆင်သင့်ရှိနေတဲ့ အမေ၊ အဘွား၊ ညီမ စတဲ့သူတွေ ရှိတယ်ဆိုရင် သင့်အတွက် စိတ်ပူစရာတစ်ခုလျော့သွားပါပြီ။ မိသားစုဝင်တစ်ဦးက ကိုယ့်ကလေးအတွက် အဆင့်သင့်ရှိပေးနေတယ်ဆိုတာ နည်းတဲ့ကုသိုလ်ကံမှမဟုတ်တာ။

၃။ ကလေးအတွက်လည်း ငွေကုန်ကျခံနိုင်တယ်။
သင့်ဝင်ငွေကို ကြည့်လိုက်မယ်၊ အမျိုးသား ၀င်ငွေကို တွက်ချက်ကြည့်မယ်ဆိုရင် ကလေးအတွက် စိတ်ပူစရာ ဘာမှမရှိဘူးလို့ သင်တွေးမိနေတယ်ဟုတ်။ ကလေးအတွက် လိုအပ်တာတွေအကုန်လုံး ကုန်ကျခံနိုင်တယ်ဆိုရင်သင်ဟာ နောက်ထပ်ကလေးယူဖို့ အချိန်ကောင်းပါပဲ။

၎။ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲနဲ့ပတ်သက်ပြီးတော့လည်း အေးဆေးပဲ။
ပထမကလေးမွေးပြီးကတည်းက ပုံမှန်အခြေအနေဖြစ်အောင် သင်မနည်းကြိုးစားပြန်သွားနေရတယ်လို့ သင်ခံစားမိနေရင်တောင်မှ ခုချိန်မှာ အားလုံးဟာ ပုံမှန်အတိုင်းရှိနေတဲ့အပြင် နောက်ထပ်ပြောင်းလဲလာမယ့်အရာတွေအတွက် သင့်စိတ်ထဲ စိုးရိမ်တာမျိုး မရှိဘူး။ ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေအတွက် စိတ်ပူတာမျိုးမရှိဘူးဆိုရင် သင်ကလေးထပ်ယူဖို့ စိတ်ဆန္ဒရှိနေပါပြီ။

၅။ အမျိုးသားကလည်း တစ်ယောက်လောက်ထပ်လိုချင်နေပြီ။
ကိုယ့်အိမ်ထောင်ဖက်နဲ့ စကားပြောတိုင်း သူကနောက်ထပ်ကလေးတစ်ယောက်လောက် ထပ်ယူကြရအောင်လို့ အမြဲပြောနေတတ်တယ်ဆိုရင် သူလည်း သင်ကလေးထပ်ယူဖို့ သဘောတူတာနဲ့တော်တော်လေး ၀မ်းသာကြည်နူးသွားမှာပါ။ နှစ်ဦးစလုံးသဘောတူ ကြည်ဖြူစွာ နောက်ထပ်ကလေးယူတာမို့ ကလေးနဲ့ပတ်သက်ပြီး ဘာပြသနာမှလည်း ဖြစ်စရာမရှိတော့ပါဘူး။

၆။ အရွယ်ရောက်နေတဲ့ သား/သမီးကလည်း နောက်ထပ်ကလေးလေးမွေးပေးဖို့ ပူဆာနေပြီ။
ပထမရင်သွေးလေးကို ခုဆို မူကြို ဒါမှမဟုတ် ကျောင်းတောင်စထားနေပြီဆိုရင် သိပ်အချိန်မဆွဲပဲ နောက်ထပ်ရင်သွေးယူသင့်ပါတယ်။ တစ်ဦးတည်းသော သားတွေ၊ သမီးတွေထက် နှစ်ယောက်လောက်ရှိရင်တော့ သူတို့လည်း အဖော်ရသလို တစ်ဦးနဲ့တစ်ဦး ကူညီစောင့်ရှောက်နိုင်ကြမှာမို့ မိဘတွေအနေနဲ့ စိတ်အေးရတယ် မဟုတ်လား။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine Onilne