Breaking News

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ၏ မှတ်ပုံတင်တွင် ပါရှိသည့် နေအိမ်လိပ်စာ မှားယွင်းနေ


ကျော်ကိုကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေကော်မတီဝင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ၏ မှတ်ပုံတင်တွင် ပါရှိသည့် နေအိမ်အား ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း လိပ်စာမှာ မှားယွင်းနေခဲ့ကြောင်း သိရသည်။ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ၏ မှတ်ပုံတင်တွင် ပါရှိသောမန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၃၄ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များကယခုလ ၂၉ ရက်နေ့ ည ၉နာရီဝန်းကျင်ခန့်က ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းလိပ်စာမှာ မှားယွင်းနေပြီး ပြစ်မှုကျူးလွန်သူ၏ နေထိုင်သည့် အကွက်အမှတ်ကိုသာ သိရှိရသေးပြီး နေအိမ်နံပါတ်နှင့် လမ်းနံပါတ်ကို မသိရှိရသေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီး ဦးဟန်ထွန်းက ပြောသည်။''အခုလောလောဆယ်တော့ အတိအကျမသိရသေးဘူး။ ကျွန်တော်တို့လိုက်စုံစမ်းတော့ အကွက်နံပါတ်ကိုပဲ သိရပါသေးတယ်။ သူ(ပြစ်မှုကျူးလွန်) ရဲ့ အိမ်နံပါတ်နဲ့လမ်းနာမည်ကို မသိရသေးပါဘူး။ အဲဒီက အကွက်မှူးကို ဒီလူရှိလားလို့မေးတော့ သူတို့လည်းမသိဘူး။ စုံစမ်းတုန်းပဲ ရှိသေးတယ်
လို့ပြောတယ်'' ဟု ဦးဟန်ထွန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေကော်မတီဝင် ဦးကိုနီသည် ယခုလ ၂၉ ရက်နေ့က အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့မှပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်သမားတစ်ဦး၏ အနီးကပ်လုပ်ကြံပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး တရားခံအား လိုက်ပါဖမ်းဆီးပေးသည့် အငှားယာဉ်မောင်း ဦးနေဝင်းဆိုသူလည်း သေနတ်သမား၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ရသည်။ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ကနဦးစစ်ဆေးချက်များအရ ကြည်လင်းဆိုသူဖြစ်ပြီး မန္တလေးတိုင်းဒေသ
ကြီးတွင် ပြုလုပ်ထားသည့် မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ပြစ်မှုကျူးလွန်သူနေထိုင်သည်ဟု ယူဆရသော ၃၄ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာတွင် ၄င်းအမှန်တကယ်နေထိုင်ခြင်းမရှိကြောင်း၊ ပြစ်မှုကျူးလွန်သူသည်ရှေ့နေတစ်ဦးဖြစ်ကာ ယခင်က ဘုရားခိုးသည့် ပြစ်မှုဖြင့် ထောင်ကျဖူးသည့် မှတ်တမ်းရှိသူဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ပုံစာ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညက ရဲများ စစ်ဆေးနေကြစဉ်။
ဓာတ်ပုံ- ကျော်ကိုကို