Breaking News

အကယ်ဒမီပေးပွဲတက်ဖြစ် မတက်ဖြစ် မကျိန်းသေဘူးလို့ ပြောလာတဲ့ ခင်လှိုင်



အသက်အရွယ်နဲ့မလိုက် ဖက်ရှင်ရော၊ အတွေးအခေါ်ပိုင်းဆိုင်ရာပါ လူငယ်တွေနဲ့တန်ုးတူအမြဲရှိနေတဲ့ ခင်လှိုင်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် လက်ခံရိုက်ကူးဖြစ်နေသလို ဗီဒီယိုအနေနဲ့ကတော့ ရိုက်ကူးမှုတွေ ကြဲသွားတဲ့အကြောင်း ပြောလာပါတယ်။ လက်ရှိမှာမော်လ်ဒယ် FC နဲ့မယ်တော် FC ဇာတ်ကားကြီးမှာ ၂ရက်ဝင်ရောက်ရိုက်ကူးပေးနေပြီး ရုပ်ရှင်ကားကြီးတွေ ပုံမှန် ၈လပိုင်း လကုန်ထိ ဆက်တိုက်လက်ခံထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ၂၀၁၆ အကယ်ဒမီနဲ့ပတ်သက်ပြီးတော့လဲ မြင့်မြတ်နဲ့ထွန်းထွန်းကို ရစေချင်တယ်လို့ဖွင့်ဟလာတဲ့ ခင်လှိုင်ရဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့သဘောထား၊ ခံစားချက်များနဲ့လက်ရှိမှာရိုက်ကူးဖြစ်နေတဲ့ ဇာတ်ကားအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်တဲ့ကားလေးက ဘာကားလေးများလဲ။

မော်လ်ဒယ် FC နဲ့ မယ်တော် FC ဆိုပြီး ပေးထားပါတယ်။ ဒီကားက ဧည့်သည်အနေနဲ့နှစ်ရက်ဝင်ပါပေးတာပါ။ ဒါရိုက်တာကလဲ ကိုယ်နဲ့ခင်တယ်။ ထုတ်လုပ်ရေးနဲ့ကလဲ ခင်နေတော့ ၀င်ပါပေးဖြစ်တဲ့သဘောပါ။ ကိုဒိန်းဒေါင်နဲ့ကိုနဲ့ပေါ့။ နောက်ပြီး ဒီကားက မင်းသားမပါဘူး။ ဟာသ Supporting တွေနဲ့မင်းသမီးတွေနဲ့ပဲပါတာပေါ့။

-အရှေ့မှာ ရိုက်ခဲ့တဲ့ ဘော်ဘော်ကထှော် ကားမှာလဲ တက်တူးတွေမမြင်အောင် ဖုံးထားတာမျိုးတွေ့ရတယ်။

ဟုတ်ပါတယ်။ ကိုယ်တို့ရဲ့တက်တူးတွေက ဖော်မယ်ဆိုရင်တော့ ဖော်လို့ရပါတယ်။ ဒါပေမဲ့ ဇာတ်နဲ့မလိုက်ဘူးပေါ့။ သူတို့က ကျွန်းတစ်ကျွန်းပေါ်မှာနေကြတဲ့ လူမျိုးနွယ်စုတစ်ခုဆိုတော့ တက်တူးတွေက ကျွန်းသားတွေထိုးတဲ့တက်တူးမျိုးတွေဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ကိုယ်တွေက ဒီဖက်ခေတ်တက်တူးတွေဖြစ်တဲ့အတွက် မအပ်စပ်ဘူး။ ဖုံးထားလိုက်တာက ပိုပြီး ဆွဲဆောင်မှုရှိတယ်ပေါ့။ အဲ့ဒါကြောင့်ဖုံးဖြစ်ခဲ့တယ်။ ကိုယ်တို့ရဲ့လှုပ်ရှားမှုတစ်ခု ဒီဇာတ်ကားအတွက်ပေးဆပ်မှုတစ်ခုပေါ့။ နည်းနည်းတော့ ပိုပင်ပန်းတာပေါ့။ အခုထိကို အဆုတ်ကပွနေတုန်းပဲ။ အကျီင်္ချွတ်နဲ့တစ်ကားလုံးနေရတာကိုး။

-တက်တူးကိုရော ဘာတွေနဲ့ဖုံးထားတာလဲ။

မိတ်ကပ်နဲ့ဘော်ဒီ paint ကိုရောပြီးတော့ ပထမရက်က ဂန်းနဲ့မှုတ်တာပေါ့။ သူက တစ်အားဖျက်ရခက်တယ်။ အဲ့ဒါကြောင့် နောက်တစ်နေ့မှာ ဘော်ဒီ paint ဆေးကို လိမ်းတာ အဲ့ဒါနဲ့အဆင်ပြေသွားတယ်။ အဲ့ဒီမှာဒုက္ခအရောက်ဆုံးက မနက်ဆို ရှုတင်ကို ကိုးနာရီရောက်တယ်ဆို ၁၁ နာရီလောက်ထိ အဲ့ဒါလိမ်းရတယ်။ ၁၂ လောက်မှ စရိုက်ရတယ်။ ရက်ကတော့ ပိုရှည်သွားတာပေါ့။ ရှုတင်က ၁၁ နာရီ ၁၂ နာရီလောက်ထိ ရိုက်တယ်ဆို ညပြန်လာရင် ရေချိုးခန်းထဲမှာ အဲ့ဒါတွေကို ပြန်ဖျက်ရတာ အချိန်တော်တော်ပေးရတယ်။ ရေမချိုးခင် လိုးရှင်းတွေနဲ့နှပ်ထားရသေးတယ်။ ပြီးမှရေချိုးချရတာပေါ့။

-ကားကြီးတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေသလိုပဲနော်။

ဟုတ်တယ်။ ကားကြီးတွေပဲဆက်တိုက်ရိုက်ဖြစ်နေတယ်။ ရှစ်လပိုင်းအကုန်ထိကိုအပြည့်ပဲ။ ဗီဒီယိုကတော့ သုံးလပိုင်းမှာ သားနဲ့တစ်ကားရိုက်ဖို့ရှိတယ်။

-သုံးလပိုင်းထဲမှာ အကယ်ဒမီပေးပွဲလဲရှိတော့ စိတ်လှုပ်ရှားမှုကရော ဘယ်လိုရှိလဲ။

အကယ်ဒမီကတော့ ဒီနှစ်အကုန်လုံးလဲ ရစေချင်၊ ကိုယ့်အနေနဲ့လဲ ရစေချင်တာကတော့ ညီလေးမြင့်မြတ်ပေါ့။ မြင့်မြတ်ကရလဲ ရသင့်နေပါပြီ။ ပြီးတော့ သူလဲဒီနှစ်ထဲမှာ ကောင်းတဲ့ကားတွေရှိတယ်ဆိုတော့လေ။ ဇာတ်ပို့ထဲမှာတော့ ထွန်းထွန်းကို ရစေချင်တယ်။

-အစ်ကို ကိုယ်တိုင်အတွက်ရော။

အစ်ကိုကိုယ်တိုင်ကတော့ မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ရမယ်။ မရမယ်ကို မသေချာတာ မဟုတ်ဘူး။ အကယ်ဒမီကို ခေါင်းထဲမှာကိုမရှိတော့တာ။ စိတ်ထဲမှာအေးအေးဆေးဆေးပါပဲ။

-အစ်ကို ပါတဲ့ကားတွေအတွက်ရော။

၂၀၁၆ ထဲပါတဲ့ ကားဆို ခိုးဆိုးလုနှိုက်တော့မှတ်မိတယ်။ ကျန်တာကတော့ မမှတ်မိဘူး။ ခိုးဆိုးလုနှိုက်မှာက အားလုံးကကောင်းတယ်ပြောကြပေမဲ့ ထွန်းထွန်းက ပိုကောင်းပါတယ်။ ထွန်းထွန်းလုပ်ရတဲ့ လုပ်ကွက်ကလဲ ပိုကောင်းတယ်။ အေးအေးဆေးဆေးလေးနဲ့အလွမ်းဖက်ကိုရောက်တယ်။ ကိုယ်တွေဇာတ်ရုပ်က မိုက်နေတာပဲဆိုတော့ ရနိုင်စရာမရှိပါဘူး။

-ခိုးဆိုးလုနှိုက်ကားက ကော်ပီကားမို့လို့ဆန်ခါတင်ထဲမှာပါပေမဲ့ ပေးမှာမဟုတ်ဘူးလို့လဲကြားနေရတယ်။

သိပ်တော့မသိပါဘူး။ ကော်ပီဆိုတာက တစ်ကားလုံးကို ချွတ်စွတ်ကြီးယူထားတာ မဟုတ်ဘူးဗျာ။ တချို့ပလော့လေးတွေ ထည့်ထားတာ အိန္ဒိယဇာတ်ကားထဲက ပလော့လေးတွေပါတာပါ။ လုံးလုံးကြီး အကုန်လုံးတူနေတာမျိုးမဟုတ်ဘူး။ အဲ့ဒီရိုက်ချက်ကို အကုန်လုံးခိုးထားတာလဲ မဟုတ်ဘူးလေ။ ကော်ပီလို့တော့ပြောလို့မရပါဘူး။ ကျွန်တော်တို့က ဘယ်လိုပြောရမလဲဆိုတော့ ဒီပလော့လေးကိုကြိုက်လို့မြန်မာမှုပြန်ပြုတာပဲရှိပါတယ်။

-အစ်ကို့ကိုအားပေးနေတဲ့ ပရိသတ်တွေကတော့ ဒီနှစ်ကိုလဲ အစ်ကို့အတွက်မျှော်လင့်ပေးနေကြတယ်။

ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော့်ကိုချစ်ကြတယ်။ အဲ့ဒါကြောင့်ရစေချင်လို့မျှော်လင့်ပေးကြတယ်။ စေတနာရှိတာပေါ့။ ကျွန်တော်လဲ စိတ်မကောင်းပါဘူး။ အခုချိန်ထိကို သူတို့မျှော်မှန်းသလိုဘာမှ ဖြစ်မလာနိုင်သေးဘူးပေါ့။ ဒါပေမဲ့ တစ်ချိန်တော့ပြောလို့မရနိုင်သေးပါဘူး။ မျှော်လင့်စရာကားတွေလဲ အများကြီးရှိပါသေးတယ်။ ကားတိုင်းကိုလဲကြိုးစားထားပါတယ်။

-နှစ်စဉ်နှစ်တိုင်း အကယ်ဒမီပေးပွဲက မလုပ်ခင်ကလည်း အသံတွေထွက်တယ်။ လုပ်ပြီးသွားတဲ့အချိန်မှာလဲ အသံထွက်တယ်ဆိုတော့ ဒီအပေါ်မှာအစ်ကို့အမြင်ကရော ဘယ်လိုရှိလဲ။

ကျွန်တော့်အနေနဲ့ဖြစ်စေချင်တဲ့ သဘောတရားကဘာလဲဆိုတော့ ကျွန်တော်တို့ဒီလောကသားတွေက မစည်းရုံးကြသလိုဖြစ်နေတယ်။ လုပ်တဲ့ပွဲရည်ရွယ်ချက်ကကောင်းပေမဲ့ ပွဲလုပ်ဆောင်ချက်တွေက အမြဲတမ်း လွဲချော်မှွုေဖြစ်ဖြစ်နေတဲ့ အကြောင်းအရာတွေ အများကြီးရှိတာပေါ့လေ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ဖြစ်စေချင်တာက အကယ်ဒမီပွဲဆိုတာ ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ပွဲတော်တစ်ခုလို့ပြောလို့ရတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော ရုပ်ရှင်ပွဲတော်ပေါ့။ တခြားနိုင်ငံမှာဆို အခြားရုပ်ရှင်ပွဲတော်တွေ မျိုးစုံရှိတယ်။ အော်စကာကျမှပွဲတော်မဟုတ်ဘူး။ တခြားပွဲတော်တွေလဲ အများကြီးရှိတယ်။ ကျွန်တော်တို့ဆီမှာက အကယ်ဒမီပွဲတော်တစ်ခုပဲ ရုပ်ရှင်လောကသားတွေစုံညီရတာကိုး။ ကျွန်တော်ဖြစ်စေချင်တာကတော့ ရုပ်ရှင်လောကသားတွေကပြီးသွားပြီဆိုရင် ခင်ရာမင်ရာကို ပါသွားတတ်ကြတယ်။ ဒီမင်းသားနဲ့ခင်ရင်ဒီမင်းသား အကယ်ဒမီရရင် ဟေးဆိုပြီးပါသွားတတ်ကြတယ်။ အကယ်ဒမီကြေညာပြီးလို့ကိုယ့်နာမည်မပါရင်လဲ ပြန်သွားတတ်ကြတယ်။ အဲ့ဒီတော့အကယ်ဒမီပွဲက ခြောက်သွေ့စွာနဲ့ပဲအမြဲတမ်းပြီးဆုံးရတယ်။ တကယ့်တကယ်တမ်းဖြစ်သင့်တာကတော့ အဲ့ဒီနေ့မှာ လောကသားတွေအားလုံး တက်သင့်တယ်။ အကုန်လုံးပျော်စရာကောင်းတဲ့ပွဲကြီးတစ်ခု ပါတီကြီးတစ်ခုဖြစ်စေချင်တယ်။ အကုန်လုံးတွေ့ကြဆုံကြပျော်ကြ ပြီးရင်လဲ မပြန်နဲ့ပေါ့။ အကယ်ဒမီဆုကြေညာပြီးရင်လဲ အားလုံးဒီမှာပဲ ရတဲ့သူတွေ ဒင်နာကို တစ်ခါတည်း ဒီနှစ်အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးကနေစုပြီးတော့ အချိုးကျလေး ကျခံပြီးပျော်ကြမယ်ဆို ဘယ်သူမှလဲ မပြန်တော့ဘူး။ ရတဲ့သူတွေကလဲ နောက်နေ့ကျမှ သပ်သပ်ထပ်လုပ်ပေါ့။ အဲ့ဒါဆို တစ်ယောက်နဲ့တစ်ယောက်စည်းလုံးနေမှာပေါ့။ အခုကတော့ ရတဲ့သူတွေကလဲ တစ်ယောက်တစ်ဆိုင်ဆီမှာ ခင်တဲ့သူနဲ့ခင်တဲ့သူနဲ့သွားနေတဲ့အခါကျတော့ နည်းနည်းလေးစိတ်ဝမ်းကွဲသလိုတွေဖြစ်နေကြတာပေါ့။ အမှန်တော့ ရုပ်ရှင်ပွဲတော်ဆိုတာ ရုပ်ရှင်လောကသားတွေအတွက်ပျော်စရာကောင်းတဲ့ပွဲတော်ကြီးတစ်ခုဖြစ်နေစေချင်တယ်။

-၀တ်စုံကရောသိရပြီလား။

ဝတ်စုံက ပေးနေကျ စိန်ဝေဖူး ပိုးထည်တိုက်ကပဲပေးမှာပါ။ ဒါပေမဲ့ ဒီနှစ်က တက်ဖြစ်မတက်ဖြစ်က မသေချာသေးလို့ဘာမှမစီစဉ်ရသေးပါဘူး။

-အနုပညာလောကသားတွေစုစုရုံးရုံးနဲ့ တွေ့ချင်တယ်ဆိုပြီး အစ်ကိုကျတော့ တက်ဖြစ်မတက်ဖြစ် မကျိန်းသေတာဘာကြောင့်များလဲ။

ကျွန်တော်တက်ဖြစ်ခြင်း မတက်ဖြစ်ခြင်း အဲ့ဒါတွေနဲ့မဆိုင်ပါဘူး။ ဘာ့ကြောင့်ရယ်မှမဟုတ်ပါဘူး။ ကျွန်တော် တက်ချင်လဲတက်မယ်။ တက်ဖြစ်ချင်မှလဲတက်ဖြစ်မယ်။ ဒါကအခု ဒီနောက်ပိုင်းမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ကျွန်တော်အားရင်လဲ တက်တယ်။ မအားရင်လဲ မတက်ဘူးပေါ့။ ကျွန်တော့်အလုပ်ပေါ်မှာမူတည်တာပေါ့။

Credit :Trend Myanmar