Breaking News

၁၉ နှစ်အမျိုးသားက သူနှင့်ကိုယ်ဝန်ရှိသည့် ချစ်သူမိန်းကလေးအား ဓားဖြင့် ထိုး


ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကိုယ်ဝန် ၅ လရှိနေတဲ့ ၂၄ နှစ်အရွယ် အမျိုးသမီးကို ချစ်သူအမျိုးသားက ဓားနဲ့ထိုးမှု ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီခွဲက ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

ဓားနဲ့ အထိုးခံရတဲ့ မအေးအေးမော်ဟာ ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ချိန်မှာ မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး မအေးအေးမော် ကိုယ်တိုင် တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မရဲစခန်း ကို တိုင်ကြားခဲ့တာပါ။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေက တရားလိုဟာ ရည်းစားဖြစ်သူ ခိုင်ကို (၁၉နှစ်)နဲ့အတူ မိုးညှင်းမြို့ အရှေ့ဖက်တောစပ်တနေရာမှာ ချိန်းတွေ့ပြီး အရင်ကျူးလွန်ခဲ့ရာမှ ကိုယ်ဝန် ၅ လရှိပြီ ဖြစ်ပြီး လက်ထပ်ယူဖို့နဲ့ မယူရင်ကိုယ်ဝန်ဖျက်ချဖို့ ငွေကျပ် ၅ သောင်းတောင်းရာ ခိုင်ကိုက အသင့်ပါလာတဲ့ ခေါက်ဓားနဲ့ ၁၁ ချက်ထိုးသွင်းလှီးဖြတ်ခဲ့တဲ့အတွက် လည်ပင်း၊ ရင်ညွန့်၊ လက်ယာ ဝမ်းဗိုက် စိုးရိမ်ရဒဏ်ရာတွေအပြင် ကိုယ်ဝန်လည်းပျက်ကျခဲ့ပြီး မိုးညှင်းမြို့ သာစည်ရပ်နေ ခိုင်ကို ကို အရေးယူပေးပါဖို့ မိုးညှင်းမြို့မရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့ ထိုးသူ ခိုင်ကို ကို မိုးညှင်းမြို့ မရဲစခန်းက (ပ)၁၂/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၁၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း – မုန်းမုန်းမင်း

Credit :DVB TV News