Breaking News

အမှန်တရားအတွက် အချိန်ယူ တုံ့ပြန်မယ်လို့ ဂေးအလှမယ် မျိုးကိုကိုစန်း ပြောပြီ news

ဇန်န၀ါရီ ၂၃ ရက်က Orchid ဟိုတယ်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မျိုးကိုကိုစန်း (လယ်)ကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဂေးအလှမယ် မျိုးကိုကိုစန်းက ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးနေတဲ့ cele cele small
စာမျက်နှာရဲ့ admin ဖြစ်တယ်လို့ သံသယရှိသူ တစ်ဦးအဖြစ် စွပ်စွဲဖမ်းချုပ် မေးမြန်းခြင်းခံခဲ့ရတဲ့
ဖြစ်ရပ်အတွက် သက်သေမခိုင်လုံဘဲ သူ့ကို ဖမ်းချုပ်စွပ်စွဲခိုင်းသူကို အချိန်ယူဖော်ထုတ်ပြီး
တောင်းပန်စေမယ်လို့ ဆိုလိုက်ပါတယ်။

"တရားလိုအနေနဲ့ ၆၆/ဃ နဲ့ တိုင်ကြားမယ်ဆိုရင် ပူးတွဲသက်သေတင်ပြရမယ်ဆိုတာ
ကျွန်မသိထားပေမဲ့ ခုတရားလိုက ငြင်းဆန်ထားတဲ့အတွက် ရဲနဲ့ တရားလိုကြား ဘယ်သူအမှား
ဘယ်သူအမှန်မှန်း မသိရသေးပါဘူး။ သိရပြီဆိုရင်တော့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့တဲ့အတွက်
တရားရေးရာဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်"လို့
ဇန်န၀ါရီ ၂၃ ရက်နေ့က ဥမခ့ငိ ဟိုတယ်မှာ ကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မျိုးကိုကိုစန်းက
ပြောခဲ့ပါတယ်။

အလှမယ် မျိုးကိုကိုစန်းကို ဇန်န၀ါရီ ၁၇ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့
ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သက်ဆိုင်ရာတာဝန်ကျ ရဲဝန်ထမ်းတွေက
ခေါ်ဆောင်သွားတာဖြစ်ပြီး ရန်ကင်းတရားရုံးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆/ဃ နဲ့
စစ်ဆေးမေးမြန်းခဲ့ကာ နောက်ဆုံးမှာ သက်သေမခိုင်လုံတဲ့အတွက် ဇန်န၀ါရီ ၂၀ ရက်နေ့မှာ
ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

"ကျွန်မက အမျိုးသမီးတစ်ယောက်လို့ ခံယူထားတဲ့အတွက် တရားလိုကလည်း
အမျိုးသမီးဖြစ်နေတဲ့အတွက် မတရားစွပ်စွဲခံရရင် ကြုံရမယ့်နစ်နာမှုကို ကိုယ်ချင်းစာပြီး
ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ရဲ့မိခင် ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ဖြစ်ခဲ့တဲ့ စိတ်ပင်ပန်းမှုတွေ၊
ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေကိုလည်း ဒီအတိုင်း လွှတ်မပေးလိုက်နိုင်ပြန်ပါဘူး"လို့ မျိုးကိုကိုစန်းက
သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှစ်ရက်ကျော် ဖမ်းဆီးအစစ်ဆေးခံရစဉ်မှာ တရားသူကြီးရဲ့ သက်သေတွေကို ဖတ်ပြစစ်ဆေးမှုတွေအရ
တရားလိုဟာ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ၀တ်မှုံရွှေရည်လို့ သိခဲ့ရပြီး ယောက်ျားလေးအချုပ်ခန်းမှာ
ထိန်းသိမ်းခံထားရစဉ် ကာလတစ်လျှောက်မှာတော့ တခြားအချုပ်သားတွေရဲ့ နှုတ်ပိုင်းဆိုင်ရာနဲ့တောင်
စော်ကားနှောင့်ယှက်တာမျိုးကို မခံခဲ့ရဘူးလို့ မျိုးကိုကိုစန်းက ပြောပြပါတယ်။

"ကျွန်မ ရောက်နေမှန်းတောင် မသိကြပါဘူး။ ပြီးတော့ စနောက်တာတွေ၊ စိတ်ကျဉ်းကျပ်အောင်
နှောင့်ယှက်တာတွေလည်း မရှိခဲ့တဲ့အတွက် တာဝန်ကျရဲအရာရှိတွေနဲ့ ၀န်ထမ်းတွေကို
ကျေးဇူးတင်ပါတယ်။ ကျွန်မကို ပြန်လွှတ်ပေးချိန်မှာလည်း ခရိုင်ရဲမှူးကိုယ်တိုင် တောင်းပန်ခဲ့ပါတယ်"လို့
မျိုးကိုကိုစန်းက ပြောပါတယ်။

သူ့ရဲ့ မိခင်ဖြစ်သူကတော့ အပြစ်မရှိဘဲ ဂုဏ်သိက္ခာလျော့ကျအောင် တိုင်ကြားခဲ့တဲ့ တရားလို၊
ဒါမှမဟုတ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့်
ပြန်လည်တောင်းပန်စေချင်တယ်လို့ ပြောပါတယ်။

"ကျွန်မတို့ ကိုယ်တိုင်လည်း ဘယ်သူ့ကြောင့်ဆိုတာ ခုထိ မရှင်းလင်းပါဘူး။ ဒါပေမဲ့ မျိုးကိုကိုစန်းရဲ့
ဂုဏ်သိက္ခာအတွက်တော့ နစ်နာအောင်လုပ်ခဲ့တဲ့သူကို ပြန်တောင်းပန်စေချင်တာပါ"လို့ မျိုးကိုကိုစန်းရဲ့
မိခင်ဖြစ်သူက ပြောပါတယ်။

စွပ်စွဲထိန်းသိမ်းခံရသူ မျိုးကိုကိုစန်းကလည်း ကိုယ့်ဘက်က မှားခဲ့တဲ့ကိစ္စ မဟုတ်ခဲ့တဲ့အတွက်
တရားရေးရာပညာရှင်တွေနဲ့ပဲ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

"ကျွန်မ မျက်ရည်ချူတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချုပ်ထဲမှာ နေခဲ့ရတာဟာ ရေချိုးချလိုက်တာနဲ့
ပျက်သွားမယ့် အတိတ်ကိစ္စ မဟုတ်ပါဘူး။ ဝေဖန်ကြသူတွေကို တစ်ရက်လောက်ပဲ အချုပ်ထဲ
သွားနေကြည့်စေချင်ပါတယ်။ ပြန်တုံ့ပြန်မယ်ဆိုပေမဲ့ တစ်ဖက်က မနစ်နာစေရပါဘူး၊ အဖြူစင်ဆုံးနဲ့
အမှန်ကန်ဆုံးပဲ ဖြစ်စေချင်တာပါ"လို့ သူက ဆက်ပြောပါတယ်။

၆၆/ဃနဲ့ တရားလိုပြုတိုင်ကြားခဲ့တဲ့ ၀တ်မှုံရွှေရည်ကိုတော့ ကိုယ်တိုင်အလွန်အားကျ ချစ်ခင်ခဲ့တဲ့
အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး သူဖြေခဲ့တဲ့ အင်တာဗျူးတိုင်းမှာလည်း အထင်ကြီးချစ်ခင်ရတဲ့
အကြောင်းကို မကြာခဏ ပြောဆိုခဲ့ဖူးတယ်လို့လည်း မျိုးကိုကိုစန်းက သတင်းစာရှင်းလင်းပွဲမှာ
ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ခုလိုမျိုးပုံစံမျိုးနဲ့ ပတ်သက်ရတဲ့ ဖြစ်ရပ်အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်လို့လည်း
သူက ဆိုပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး မျိုးကိုကိုစန်းရဲ့ ပြောကြားချက်တွေအပြင် ၀တ်မှုံရွှေရည်ရဲ့
တုံ့ပြန်ပြောဆိုမှုကိုလည်း ထည့်သွင်းဖော်ပြမှသာ ဘက်လိုက်မှုမရှိတဲ့ သတင်းဆောင်းပါးတစ်ပုဒ်
ဖြစ်မယ်လို့ မြန်မာတိုင်း(မ်) က လက်ခံတာကြောင့် ၀တ်မှုံရွှေရည်ကို ဆက်သွယ်ရန် ကြိုးစားခဲ့ပေမဲ့
အရာမရောက်ခဲ့ပေ။

ခုလိုမျိုး မျိုးကိုကိုစန်း ထိန်းသိမ်းခံရတဲ့အပေါ် မန္တလေး LGBTIQ (Lesbian, Gay,
Bisexual, Transgender, Intersex and Questioning) အသိုင်းအ၀ိုင်းကလည်း
သဘောထားကြေညာချက်ကို ဇန်န၀ါရီ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်တွင်လည်း "သရုပ်ဆောင်ဝတ်မှုံရွှေရည်က အင်တာဗျူးတစ်ခုတွင် Cele Cele Small
Account ၏ Admin ကိုသာ တိုင်ချက်ဖွင့်တရားစွဲ ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း
အမျိုးသမီး ကဲ့သို့ ပြုမူပြောင်းလဲ ၀တ်ဆင်နေထိုင်သူတစ်ယောက် ဖြစ်သည့် LGBTIQ မိသားစုဝင်
မျိုးကိုကိုစန်း တစ်ယောက်တည်းသာ ထိန်းသိမ်းစစ်ဆေးခံခဲ့ရခြင်းသည် အခြားသောယောက်ျား၊
မိန်းမများထက် လူနည်းစုလူတန်းစားတစ်ရပ်ဖြစ်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား
လုပ်ဆောင်ခဲ့သည်လားဆိုသည်ကို မန္တလေး LGBTIQ အသိုင်းအ၀ိုင်းအနေဖြင့် မေးခွန်းထုတ်စရာ
ဖြစ်နေသည်"လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် "မန္တလေး LGBTIQ အသိုင်းအ၀ိုင်းအပါအ၀င် မြန်မာနိုင်ငံသား LGBTIQ များ အပေါ်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)အရ တရားဝင် ပေးအပ်ထားသော အကာအကွယ်များ၊
အခြေခံရပိုင်ခွင့်များကို ပြည့်ပြည့်၀၀ ခံစားခွင့်ပေးရန်၊ LGBTIQ များ၏ ဖြစ်တည်မှုနှင့်
လိင်စိတ်ခံယူမှုတို့ကို အသိအမှတ် ပြုထိရောက်သော၊ တရားမျှတသော၊ အကာအကွယ်ပေးသော
တရားစီရင်ရေးမဏ္ဍိုင်ကို တည်ဆောက်ပေးရန်၊ ပုဒ်မ ၆၆(ဃ)ကြောင့် လူမှုကွန်ယက်အသုံးပြုကြသည့်
LGBTIQ အသိုင်းအ၀ိုင်းအပါအ၀င် အပြစ်မဲ့နိုင်ငံသားများအပေါ်၌ နောက်နောင်တွင် အလားတူ
မတရားသောဥပဒေကို အသုံးပြုပြီး လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံရခြင်း မရှိစေရန်၊
မျိုးကိုကိုစန်း ဖြစ်ရပ်ကဲ့သို့ မှားယွင်းထိန်းသိမ်းခြင်းကို မခံစားရစေရန်နှင့် တရားဥပဒေစိုးမိုးရေးကို
ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်"လို့လည်း ကြေညာချက်တွင် တောင်းဆိုထားပါတယ်။

"LGBTIQ ဆိုတာ နိုင်ငံသားတွေထဲမှာ ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်မှာ ကျွန်တော်တို့တွေဟာ
တက်တက်ကြွကြွ လှုပ်ရှားခဲ့တယ်။ ကျွန်တော်တို့ တတ်တဲ့ပညာတွေနဲ့ လွတ်လပ်မျှတတဲ့
ရွေးကောက်ပွဲကြီးဖြစ်ဖို့ အများကြီးဆောင်ရွက်ခဲ့ပါတယ်။ LGBTIQ ဆိုတာ နိုင်ငံသားတွေထဲမှာ
ပါလျက်နဲ့ ဥပဒေအားဖြင့် သော်လည်းကောင်း၊ ပုဂ္ဂိုလ်အားဖြင့်သော်လည်းကောင်း ခွဲခြားဖိနှိပ်ခြင်း
ခံနေရတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ အဲဒါကြောင့် ကြေညာချက်ထုတ်တယ်။ ရဲဆိုတာ
ပြည်သူ့ရဲတပ်ဖွဲ့ ဖြစ်ရမယ်။ ဥပဒေဆိုတာ ပြည်သူတွေ လုံခြုံစိတ်ချစေဖို့ ဖြစ်ရမယ်။ ကျွန်တော်တို့
LGBTIQ တွေအတွက် မလုံခြုံဘူးလို့ ခံစားရတယ်။ ဒါကြောင့်မို့ မျိုးကိုကိုစန်း ဖြစ်တဲ့ကိစ္စပေါ်
မူတည်ပြီးတော့ ကြေညာချက်ထုတ်ရခြင်းဖြစ်ပါတယ်။ မျိုးကိုကိုစန်းမှ မဟုတ်ဘူး။
တခြားသူဖြစ်တယ်ဆိုလည်း ကျွန်တော်တို့က ထုတ်မှာပါ"လို့ LGBTIQ တက်ကြွလှုပ်ရှားသူ
တစ်ဦးဖြစ်တဲ့ ဆည်းဆာညီညီက ပြောပါတယ်။

မျိုးကိုကိုစန်းဟာ ၂၀၁၂ ခုနှစ်က ချစ်လမင်းငယ် နာမည်နဲ့ မိန်းမလျာအလှမယ်ရန်ပုံငွေပြိုင်ပွဲတွေမှာ
ဝင်ရောက်ယှဉ်ပြိုင်ကာ မယ်ဆုတွေ ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပခဲ့တဲ့
Miss International Queen အလှမယ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Credit :The Myanmar Times