Breaking News

ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ခန်းတွေ စတင်ဖျက်သိမ်း

play

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ပရဝုဏ်ထဲမှာ ခွင့်ပြုချက်မရှိဘဲ ပိုဆောက်ထားတဲ့ ရိုးရိုးလေးဟိုတယ် အခန်း ၁၀၆ ခန်းကို စတင်ဖျက်သိမ်းနေပြီလို့ သိရပါတယ်။
ရိုးရိုးလေးဟိုတယ်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတာဖြစ်ပြီး၊ အဆောက်အဦး ပုံစံဒီဇိုင်းနဲ့ပတ်သက်တဲ့ ခွင့်ပြုချက် မတောင်းခံတာ၊ သတ်မှတ်အမြင့်ပေထက် ပိုဆောက်ထားတာ၊ အထပ်မြင့်တည်ဆောက်ပြီးချိန်မှာ ဟိုတယ်လိုင်စင်ယူမထားတာ၊ အခွန်တိမ်းရှောင်တာတွေရှိခဲ့တာကြောင့် အခုလိုဖျက်သိမ်းဖို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
play

ခွင့်ပြုချက်မရှိပဲ ဆောက်ထားတဲ့အခန်းတွေကို တစ်လအတွင်းပြန်လည် ဖျက်သိမ်းဖို့ စာပို့ခဲ့ပေမယ့် မလိုက်နာခဲ့သလို အသနားခံစာ တင်ခဲ့တာကြောင့် ခြောက်လဆက်လက် လုပ်ကိုင်ခွင့် ပြုထားတာဖြစ်ပြီး လုပ်ငန်းလိုင်စင်ကိုလည်း ၂၀၁၆ သြဂုတ်လ ၁၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံဟိုတယ်နဲ့  ခရီးသွားလာရေး ဥပဒေပုဒ်မ ၁၉(က) အရ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ခွင့်ပြုချက်မဲ့ဆောက်ထားတဲ့ အခန်းတွေကိုဖျက်သိမ်းပြီး ဆက်လက်ဖွင့်လှစ်ခွင့် ပြုမ ပြုဆိုတာတော့ မသိရှိရသေးပါဘူး။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို နှစ်စဉ် ဧည်သည်နှစ်သန်းကျော်လာရောက်လည်ပတ်ပြီး စေတီတော်ကြီးအတွက် နှစ်စဉ်အလှူငွေ ကျပ်သန်းပေါင်း ၁ ဒသမ ၅ ဘီလီလျံကျော်ထိ ရရှိနေတယ်လို့ ဆိုပါတယ်။
Source : 7DayDaily
Photos : Kyaw Kyi Facebook