Breaking News

ကျွန်မအသား ခါးလှတယ်


ကျွန်မ ' အသား ' လား
ခါးပါတယ်
ဒါပေမယ့် ရှင်တို့တွေစားကြတာပဲလေ …
လူဖွယ်ရာမှာ မသတီသလိုနဲ့
လူကွယ်ရာမှာ မှီတွယ်တတ်တဲ့ရှင်တို့ရဲ့သွေး
ကမ္ဘာဆွေးတောင် ဆေးဖို့ခက်တယ် …
ကျွန်မက,ကာမေသုကိုခေါင်းခုပြီး
ရှင်တို့ဆီက အသပြာကိုယူတယ်
ရှင်တို့က,ကာမေသုကိုခြေခုပြီး
ကျွန်မဆီက အာသာကိုချူတယ်
ဆန်ပေးမှဆီရတဲ့ အနေအထားမှာ
တန်ကြေးအတွက် တန်ရာတော့ချန်ခဲ့ပါ …
ပြန်ပေးရတယ်ရှင့်
ရေဖိုးမီးဖိုး ဆန်ဖိုးဆီဖိုး
ဆေးဖိုးဝါးဖိုး အိမ်လခ,ကတစ်မျိုး
အို…အိမ်ရဲ့ကျန်းမာရေးက
အခြေအနေတော်တော်ဆိုးတယ် …
လာပါ …
ယမကာရှာတာလား
အဖော်သဟာရှာတာလား
ကျားဆိုမှတော့
ဘယ်ကျားက သတ်သတ်လွတ်စားမှာလဲနော်
ပံ့သကူသားစားတဲ့ကျားနဲ့
ကိုယ်တိုင်သတ်စားတဲ့ကျား ဒါပဲခြားမှာပါ …
ခေါ်ပါ …
အပျော်လို့ပဲခေါ်ခေါ်
အဖော်လို့ပဲခေါ်ခေါ်
' အဝှါ 'လို့မခေါ်ရင် တော်ပါပြီ …
မတော်တရော်မှန်းသိပေမယ့်
လာပါစေလို့ မျှော်မိပါတယ်
သံသရာကြွေးထက်
နေ့ပြန်ကြွေးက အရင်ပူတယ်လေ
အပေါင်ဆိုင်ရောက်နေတဲ့
အမေ့နားတောင်းလေး
စုဆောင်းပြီး ပြန်ရွေးပေးရဦးမယ် …
ရှက်ပေမယ့်
ငတ်လာတော့ မနေနိုင်ဘူးရှင့်
မခိုးရဲတော့လည်း
တစ်မျိုးတစ်ပွဲတော့ နွှဲရဲရတာပေါ့
ဆေးပါ ကြိုက်သလောက်ဆေးပါ
ပြီးရင်တော့ ကျသလောက်ရှင်းပါ …
ဆုမတောင်းကောင်းပေမယ့်
အပိုဆောင်းလေးတော့ ကြောင်းချင်ပါတယ်
အဖေ့ခမျာ သိပ်ချူချာလို့
အချီကြီးရမှ ဒီညပြန်မယ် …
အလိုမတူဘဲ
ဘယ်အစ်ကို,ကိုမှ မမြှူဆွယ်ခဲ့ပါဘူး
နဂိုဖြူတာဆိုလို့
ကိုယ်တွင်းက စိတ်ရင်းလေးပဲရှိတယ်
ခန္ဓာရောင်းပေမယ့် ကျန်တာတော့
ကောင်းချင်သေးတယ်လေ …
လျှာပေါ်မြက်မပေါက်ဖို့အရေး
ငရဲပန်းကိုရှိုက်မွှေးနေတဲ့ ကျွန်မနဲ့တွေ့တဲ့အချိန်မှာ
ရှင်တို့ရဲ့ခေါင်းပေါင်းတွေကို ချွတ်ထားပါ
ရှင်တို့ရဲ့နတ်(ခ်)တိုင်တွေကို ဖြုတ်ထားပါ
ရှင်တို့ရဲ့ယဉ်ကျေးမှုကို ဥပေက္ခာပြုထားပါ
လက်ဆွဲနှုတ်ဆက်ပြီး အပိုလုပ်ပြမနေနဲ့
ဒီအထဲရောက်မှတော့
ရှင်တို့ဘာဆိုတာ ကျွန်မသိသလို
ကျွန်မဘာဆိုတာ ရှင်တို့သိတယ်
' သနားတယ် ' ဆိုတဲ့ စကားလုံးအစား
ဈေးစကားပဲ အားမနာတမ်းပြောကြရအောင် …
ဘယ်ရေနဲ့ဆေးမလဲ
ပင်လယ်ရေနဲ့ဆေးမလား
ချောင်းငယ်ရေနဲ့ဆေးမလား
ကျွန်မရဲ့အသားက ခါးတယ်
ဒါပေမယ့် ရှင်တို့က,စားတယ် …
________________
Credit...သျှင်မီးအိမ်
1 - 2 - 2017
9:09:am
photo - credit