Breaking News

ခန္ဓာကိုယ်ပေါ် တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို ပိုမိုတန်ဖိုးထားတတ်လာကြောင်း လေ့လာမှုတွေအရသိရ



လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနှစ်နှစ်လောက်က ကျွန်မရဲ့ငယ်သူငယ်ချင်းဟာ ကျွန်မတို့မြို့လေးကနေ မြို့ကြီးပြကြီး တစ်ခုကို ပြောင်းရွှေ့အခြေချဖို့ ကျွန်မကိုနှုတ်ဆက်သွားခဲ့ပါတယ်။ နှစ်တွေကြာလို့ သူနဲ့ပြန်တွေ့တော့ အရင်က ခန္ဓာကိုယ်မှာ ဘာတက်တူးမှ မရှိတဲ့ သူငယ်ချင်းက လက်တွေမှာရာ ၊ ခြေထောက်တွေမှာပါ တက်တူးတွေနဲ့ ဖြစ်နေခဲ့ပါပြီ။

သူမဆီမှာ နဂါးတက်တူးတွေ၊ ပန်းပွင့်ပန်းခက်တက်တူးတွေ၊ သူမကို စိတ်ဓာတ်တက်ကြွစေတဲ့ စာသားလေးတွေ စသဖြင့် သူမကိုယ်သူမ ကင်းဗတ်စတစ်ခုလို့ ခံယူပြီး သူမချစ်တဲ့အနုပညာကို ပုံဖော်ထားတာဟာ ကျွန်မကိုဖြင့် ပါးစပ်အဟောင်းနဲ့ အံ့အားသင့်စေခဲ့တာပါပဲ။  စစတွေ့တွေ့ချင်း ကြောင်တောင်တောင်ဖြစ်သွားတဲ့ ကျွန်မဟာ ခဏအကြာမှ သူဟာ ခုချိန်ထိ ကျွန်မသူငယ်ချင်းမလေး၊ ကျွန်မရဲ့ လျို့ဝှက်ချက်တွေ အားလုံးသိတဲ့ အခင်ရဆုံးသူလေးလို့ ပြန်သတိရလိုက်မိပါတယ်။ ကျွန်မသူငယ်ချင်းရဲ့ ပြောင်းလဲမှု တစ်ချို့ကို ကျွန်မလက်ခံခဲ့ပါတယ်။ ခုချိန်ထိ သူဟာ ကျွန်မရဲ့ သူငယ်ချင်းဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် သူ့ဆီမှာ တက်တူးတွေ ရှိလာရုံမက စိတ်ဓာတ်ပိုင်း၊ ခံယူချက်တွေပါ ပြောင်းလဲသွားခဲ့ပါပြီ။ ကျွန်မသူငယ်ချင်းမလေးဟာ သူမကိုယ်သူမ ပိုယုံကြည်မှုရှိလာသလို သူမရဲ့ခန္ဓာကိုယ်ပေါ်က တက်တူးတွေအတွက် သူမ အရာရာကို ပိုကြိုးစားလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

သူမရဲ့စကားကိုကြားပြီး ကျွန်မထပ်အံ့အားသင့်ခဲ့ရတာပါပဲ။ သူမဟာ သူမလက်ရှိလုပ်နေတဲ့အလုပ်မှာ ရာထူး၊ လစာ အတော်ကောင်းသလို အခြားသူတွေရဲ့ လေးစားမှုကိုလည်း ရရှိနေသူပါ။ ကျွန်မထင်တာက သူမရဲ့ တက်တူးတွေကြောင့် အလုပ်မှာ အဆင်မပြေဖြစ်မှာကိုပါ။  သူမက ဒီအချက်ကို ခုလို ဖွင့်ဟပါတယ်။ " တက်တူးထိုးထားတဲ့သူတွေကို လူထုအသိုင်းအ၀ိုင်းက အကောင်းမမြင်တာများတယ်။ ဒီအမျိုးသမီးဟာ ပေါက်လွတ်ပဲစားတစ်ယောက်လို့ထင်မြင်တတ်ကြတယ်။ စရိုက်မကောင်းတဲ့သူလို့လည်း သတ်မှတ်ကြတယ်။ ခုခေတ်မှာ ပြောင်းလဲလာတဲ့ တက်တူးရေစီးကြောင်းကို သူတို့မသိကြဘူး။ တက်တူးထိုးတဲ့ ခံယူချက်တွေကအစ ပြောင်းလဲကုန်ပြီဆိုတာလည်း သူတို့မသိကြဘူး။ ဒါပေမယ့် ငါတို့က ဒါကြီးကို ဂရုမစိုက်ဘူးလို့ ဘယ်လောက်အော်အော် ငါတို့ဟာ ဒီလူ့အသိုင်းအ၀ိုင်းမှာ နေထိုင်ကျင်လည်နေကြရတာ ပဲလေ။ ဒါပေမယ့် သူတို့အမြင်နဲ့အထင်တွေ မှားယွင်းနေကြောင်း ငါတို့ သက်သေပြနိုင်ရမယ်။ ငါဆိုလည်း အလုပ်မှာ ရာထူးကြီးတယ်။ တက်တူးတွေနဲ့ အမျိုးသမီးဖြစ်ပေမယ့် သူ့အလုပ်ကို သူကြိုးစားတယ်၊ ၀ါသနာပါတဲ့အရာတွေကို လက်မလွှတ်ပဲ ဖန်တီးတယ်။ တက်တူးတွေရှိနေပေမယ့် သူ့မှာ အိပ်မက်တွေရှိတယ်။ ပန်းတိုင်တွေရှိနေတယ်ဆိုတာ ငါတို့လို တက်တူးတွေနဲ့ အမျိုးသမီးတွေ ကိုယ့်ခန္ဓာကိုယ်ပေါ်က တက်တူးတွေအတွက် ပိုကြိုးစားနေထိုင်ပြကြရမှာပဲ။ အဲ့လိုနေစရာမလိုဘူးလို့ ငြင်းချင်ငြင်းနိုင်ပါတယ်။ ဒါပေမယ့် ငါကတော့ ဒါကိုတော်လှန်ရေးသဖွယ်သဘောထားပြီး လူတွေရဲ့ အမြင်ကိုပြောင်းရမှာပဲ" လို့ ဆိုလာပါတယ်။

မကြာသေးခင်က လေ့လာတွေ့ရှိမှုတစ်ခုအရ တက်တူးလေးခုထက် ပိုထိုးထားတဲ့ အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားမှုအပိုင်းကဏ္ဍမှာ တခြားအမျိုးသမီးတွေထက် သာလွန်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် တက်တူး ထိုးထားတဲ့ အမျိုးသမီးတစ်ချို့ဟာ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ကိစ္စတွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ အရင်က သိခဲ့ကြရဖူးပါလိမ့်မယ်။ ဒါပေမယ့် ခုနောက်ဆုံးလေ့လာမှုက ထောက်ပြသွားတဲ့အချက်ကတော့ တက်တူးလေးခုထက်ပိုထိုးထားတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့တက်တူးတွေပိုထိုးလာလေလေ စိတ်ဓာတ်ကျတာတွေ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တာမျိုးတွေ လျော့နည်းသွားလေလေပါပဲတဲ့။

ဒီလေ့လာမှုကို ဦးဆောင်တဲ့ Texa Tech တက္ကသိုလ်က ပရော်ဖက်ဆာ Jerome Koch ကတော့ " အမျိုးသမီးတွေဟာ များသောအားဖြင့် သူတို့ခန္ဓာကိုယ်ကို ဂရုစိုက်တတ်ကြတာ သိကြပါလိမ့်မယ်။ သူတို့တွေဟာ ခန္ဓာကိုယ်ဝလာတာ၊ ပိန်သွားတာ၊ အလှကုန်ပစ္စည်းတွေ၊ ပလတ်စတစ်ဆာဂျရီတွေ စတဲ့ကိစ္စတွေနဲ့သာ မီဒီယာမှာ ရေးသားဖော်ပြခံကြရပါတယ်။ မိတ်ကပ်လိမ်းလိုက်ရင် ယုံကြည်မှုပိုသွားကြတဲ့ အမျိုးသမီးတွေရှိသလို ကိုယ့်မျက်နှာ အစိတ်အပိုင်းကို ခွဲစိတ်ပြီး ပြုပြင်လိုက်ရင် ယုံကြည်မှုပိုသွားတဲ့သူတွေလည်း ရှိကြပါတယ်။ အဲ့ဒီလို အမျိုးသမီးတွေထဲမှာမှ တစ်ချို့သော အမျိုးသမီးတွေကျတော့ သူတို့ရဲ့ယုံကြည်မှု၊ စွမ်းအင်တွေကို သူတို့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေဆီက ရရှိနေကြပါတယ်။ ရင်သားခွဲစိတ်ဖယ်ရှားလိုက်ရတဲ့ ရင်သားကင်ဆာရောဂါခံစားရသူတွေဟာ သူတို့ရဲ့ရင်ဘတ်မှာ တက်တူးထိုးပြီး အဲ့ဒီကနေ စွမ်းအားတွေ ယူဆောင်ကြတယ်။ ဒါကိုဖယ်ရှားလိုက်ရပေမယ့် တက်တူးကြောင့် အားတွေပြန်ရကြတယ်လို့လည်း သူတို့တွေက ဖွင့်ဟခဲ့ဖူးကြတယ်။ ပြောချင်တာက စိတ်ခံစားချက်တွေ နာကျင်နေတာတွေကို တက်တူးက ဖြေဖျာက်လျော့နည်းစေတဲ့သဘောပဲ"လို့ သူက ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ ခုနောက်ပိုင်း အမျိုးသမီးတွေဟာ သူတို့ နာကျင်မှုတွေကို အမှတ်ရစေတဲ့ အနာရွတ်တွေကိုလည်း အနုပညာတစ်ရပ်အဖြစ် တက်တူးထိုး ဖုံးအုပ်ပစ်လိုက်ကြပါပြီ။ တစ်ချို့ကျတော့လည်း သူတို့အမှတ်တရရှိနေချင်တဲ့ အမှတ်အသား၊ နေ့စွဲတွေကို သေသည်အထိ သူနဲ့အတူရှိနေချင်တာမျိုးကြောင့် တက်တူးထိုးကြပြန်ပါတယ်။ တစ်ချို့ကျတော့ တက်တူးကို အနုပညာအဖြစ် ခံစားကြပေမယ့် တစ်ချို့က အင်အားတစ်ခုပေးနိုင်တဲ့အရာအဖြစ် မှတ်ယူကြပြန်ပါတယ်။ တကယ်တော့ တက်တူးဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုဘ၀အတွက် မြေပုံတစ်ပုံအလား အရေးပါတဲ့အရာပါ။

နောက်တစ်ခု အရေးပါတဲ့ အချက်က တက်တူးဆိုတာ အခြားလူအတွက် ထိုးတာမျိုး မဟုတ်ပဲ ကိုယ့်အတွက်၊ ကိုယ့်ခံစားမှုအတွက်၊ ကိုယ့်မျှော်လင့်ချက်၊ ကိုယ့်ယုံကြည်ချက်အတွက် ကိုယ်စားပြုပြီး ထိုးထားတဲ့ အရာဖြစ်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့်လည်း တက်တူးတွေ လေး ငါးခုရှိတဲ့သူတွေဟာ သူတို့ဆီမှာ စွမ်းအားတစ်ခုခုရှိနေသလို အမြဲခံစားနေကြရပြီး ယုံကြည်မှုလည်း တခြားသူတွေထက် ရှိနေတတ်တယ်ဆိုတာ ငြင်းလို့မရနိုင်သလို ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ် တန်ဖိုးထားတဲ့စိတ်လည်း အပြည့်ရှိတယ်ဆိုတာကိုတော့ သုတေသနမှတ်တမ်းတွေက သက်သေပြနိုင်ခဲ့ပါပြီ။

Credit :Trend Myanmar