Breaking News

ချစ်သူနဲ့အတူ ဗယ်လင်တိုင်းနေ့ကို သူများတွေကျင်းပတဲ့ ပုံစံမျိုးနဲ့မဟုတ်ပဲ ထူးခြားတဲ့နည်း



ဖေဖော်ဝါရီ(၁၄)ရက်နေ့ နီးလာပြီဆိုရင် ချစ်သူစုံတွဲတွေအနေနဲ့ ချစ်သူများနေ့ကို ဘယ်လိုပုံစံဖြတ်သန်းကြမလဲ၊ ဘယ်လိုလက်ဆောင်လေးတွေ ပေးရမလဲဆိုပြီး အမြဲခေါင်းစားသွားကြရလေ့ရှိပါတယ်။ တစ်ချို့ကလည်း အဲ့ဒီနေ့ကို ထူးထူးခြားခြား သတ်မှတ်မထားကြပေမယ့် တစ်ချို့ကတော့ အဲ့ဒီနေ့မှာ တစ်ဥိးနဲ့တစ်ဦး ချောကလက်ကျွေး၊ လက်ဆောင်တွေ ပေးရင်း၊ နှစ်ဦးသားအတူ ဗယ်လင်တိုင်းနေ့ကို အတူကုန်ဆုံးချင်တတ်ကြပါတယ်။ ဒီတော့ သူများတွေနဲ့လည်း မတူ ထူးလည်းထူးခြားသွားမယ့်နေ့လေး ဖန်တီးချင်တယ်ဆိုရင် အောက်က အချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။

၁။အခြားနိုင်ငံက ဓလေ့တွေကို လေ့လာပါ။
ချစ်သူများနေ့ကို ကျင်းပတဲ့ပုံစံဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားမှုတွေရှိပါတယ်။ ဥပမာ ဂျပန်မှာဆိုရင် ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ အမျိုးသမီးတွေက အမျိုးသားတွေ ချောကလက်ကျွေးတတ်ကြ ပါတယ်။ ဗြိတိန်နိုင်ငံ က နေရာတော်တော်များများမှာတော့ ကိတ်မုန့်ကို သေချာ အသီးအနှံတွေနဲ့ ဖုတ်ပြီး စားကြလေ့ရှိပါတယ်။ ဒီတော့ ကိုယ့်အနေနဲ့ ဘယ်လိုနည်းတွေနဲ့ ထူးခြားအောင် လုပ်ဆောင်ချင်ပါသလဲ။ အလေ့အထလေးတွေကို လိုက်ပြီး လေ့လာကြည့်လိုက်ပါ။


၂။ကိုယ့်မြို့လေးမှာပဲ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေရှိရင် ချစ်သူနဲ့အတူသွားပါ။
ချစ်သူများနေ့မှာ ကိုယ့်ချစ်သူနဲ့ နိုင်ငံခြားခရီးစဉ်ထွက်စရာ မလိုပါဘူး။ သူနဲ့အတူ ကိုယ့်မြို့လေးမှာပဲ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို သွားပါ။ လေ့လာစရာနေရာတွေ ရှိရင် သွားရောက်လေ့လာ လည်ပတ်ပါ။ ဓာတ်ပုံလေးတွေ အမှတ်တရရိုက်ပြီး နေ့လည်စာ၊ ညစာအတူစားပါ။ ကဲ ဘယ်လောက်မိုက်တဲ့ အိုင်ဒီယာများလဲ။

၃။ တစ်ယောက်ယောက်အိမ်မှာ အတွဲတွေစုပြီး ပျော်စရာအချိန်တွေ ဖန်တီးပါ။
သူငယ်ချင်းအတွဲတွေကိုပါ ခေါ်ပြီး အိမ်တစ်အိမ်မှာ စု၊ မုန့်လုပ်စားတာမျိုး၊ ဟင်းချက်စားတာမျိုး၊ ဂိမ်းကစားတာမျိုးတွေ ကလည်း ဗယ်လင်တိုင်းနေ့လေးအတွက် အမှတ်တရဖြစ်စရာ အချိန်တွေကို ဖန်တီးတာနဲ့အတူတူပါပဲ။

၎။ပရဟိတအလုပ်တွေ တတ်နိုင်သမျှလုပ်ပါ။
တခြားသူတွေ ပန်းခြံတွေသွား၊ စားသောက်ဆိုင်တွေ သွားနေတဲ့အချိန် ကိုယ့်အနေနဲ့ ထူးခြားပြီးအကျိုးရှိတာလေး လုပ်ချင်တယ်ဆိုရင် ပရဟိတအလုပ်လေးတွေ ကိုယ့်ချစ်သူနဲ့အတူ လုပ်ဆောင်ရင်းအဲ့ဒီနေ့လေးကို ဖြတ်သန်းလိုက်ပါ။

၅။ ကိုယ်တိုင်လက်ဆောင်လေးတွေလုပ်ပြီး ချစ်သူကိုပေးပါ။
ခုဆိုရင် ကိုယ့်ချစ်သူကို သူများနဲ့မတူပဲ ကိုယ်တိုင်လုပ်လက်ဆောင်မွန်လေးတွေ ပေးနိုင်ဖို့အတွက် YouTube မှာ ကြည့်နိုင်ပြီဖြစ်သလို ချစ်စရာကောင်းပြီး လွယ်ကူတဲ့နည်းလမ်းလေးတွေကြောင့် သင့်ချစ်သူကလည်း နှစ်သက်သဘောကျပါ လိမ့်မယ်။ အထူးသဖြင့် သင်ကိုယ်တိုင်လုပ်ဆောင်ပေးတဲ့အရာဖြစ်တာမို့ သင့်ချစ်သူဟာ သေချာတန်ဖိုးထားပါလိမ့်မယ်။


Credit :Trend Myanmar