Breaking News

ကျန်းမာသန့်ရှင်း လှပတဲ့ခြေထာက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ Love



သင်ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေထဲမှာ ခြေချောင်းလေးတွေလည်း ပါဝင်ပါတယ်။ လူတိုင်းကတော့ ကျန်းမာပြီး လှပနူးညံ့တဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါဆို လှပတဲ့ခြေထောက်လေးတွေရအောင် ဘယ်လိုလုပ်ရမလဲ။

၁။သင့်ခြေထောက်ကို ပုံမှန်သန့်ရှင်းပါ။
ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ ခြေထောက်ကိုလည်း သေချာသန့်ရှင်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်တော့ ခြေထောက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရအောင် လုပ်ထားသင့်ပါတယ်။ အပြင်းစားမဟုတ်တဲ့ဆပ်ပြာတွေနဲ့ရေနွေးကိုအသုံးပြုပြီး ခြေထောက်မှာ ကပ်နေတဲ့ ခြေဆီတွေ၊ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ပါ။ သင့်အရေပြားမှာ ရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားနိုင်တဲ့ အရမ်းပူတဲ့ရေကိုတော့ မသုံးသင့်ပါဘူး။ ခြေထောက်ကိုရေဆေးပြီးတဲ့အခါမှာလည်း သေချာခြောက်အောင်နူးညံ့တဲ့ တာဝါအသေးလေးနဲ့ သုတ်ပေးသင့်ပါတယ်။ အစိုဓာတ်ရမယ့် ခရင်မ်တွေ လိုးရှင်းတွေ လိမ်းရင်တော့ အကောင်းဆုံးပေါ့။

၂။နှစ်ပတ်တစ်ခါ ချေးချွတ်ပါ။
ခြေထောက်ကိုဆေးသင့်သလိုပဲ ခြေထောက်နဲ့ ဖနောင့်တွေကို ဂျီးချွတ်တာကလည်း အရေးကြီးပါတယ်။ သင့်ခြေထောက်အရေပြားက အသားမာတက်နေရင်တော့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့နှဲ့ Scrub လုပ်ဖို့က ပထမပါပဲ။ ဒါမှခြေထောက်က နူးညံ့ချောမွေ့လာမှာပါ။ ပုံမှန် ဂျီးချွတ်ခြင်းဟာ အသားမာတွေကို လျော့ပါးစေပါတယ်။ ချေးတွန်းကျောက်လေးတွေကို သုံးပြီးအသားမာတွေကို ဖယ်ရှားတာ၊ Scrub သဲကြမ်းနဲ့တိုက်တာ၊ဆေးရည်စိမ်တာတွေကို နှစ်ပတ်တစ်ခါလုပ်သင့်ပါတယ်။

၃။ခြေထောက်တွေကို အစိုဓာတ်ရအောင်ထိန်းသိမ်းပါ။
ခြေထောက်တွေက ခြောက်မနေဘဲ အစိုဓာတ်ရဖို့ကလည်း သင်ဂရုစိုက်ရမယ့် အချက်ထဲမှာပါပါတယ်။ Moisturizerကို လိမ်းနေတဲ့အချိန်မှာ ခြေထောက်ထိပ်ကနေ အောက်ခြေအထိ သေချာစိမ့်ဝင်အောင် လိမ်းပေးပါ။ အိပ်ယာမ၀င်ခင်မှာ ခြေထောက်ကို Moisturizer လိမ်းပြီး ဆယ်မိနစ်လောက် နေ့စဉ် နှိယ်နယ်ပေးပါ။

၎။ခြေသည်းပုံမှန်ညှပ်ပါ။
ခြေသည်းတွေက ပုံလည်းမသွင်းရသေး ဂျီးတွေလည်းရှိနေသေးဆိုရင်တော့ သင့်ခြေထောက်ကို ဘယ်သူကမှ မြင်ချင်ကြည့်ချင်မှာ မဟုတ်ပါဘူး။ခြေသည်းလေးတွေ ကျန်းမာဖို့ နှစ်ပတ်ကို တစ်ခါ ခြေသည်းညှပ်ပါ။ ခြေသည်းညှပ်တဲ့အခါမှာလည်း ကပ်ကြေးတွေ မသုံးဘဲ သင့်တော်တဲ့ ခြေသည်းညှပ်ကို သုံးပေးပါ။ ပိုပြီး လွယ်လွယ်ကူကူဖြစ်ဖို့ ရေချိုးပြီး ခြေသည်းလေးတွေ ပျော့နေတဲ့အချိန်မှာ ညှပ်တာအကောင်းဆုံးပါပဲ။ခြေသည်းညှပ်တယ်ဆိုပေမယ့် အရမ်းတိုနေအောင် ညှပ်ဖို့လည်းမလိုပါဘူး ။ အရမ်းတိုအောင်ညှပ်ရင် ခြေစွယ်ငုတ်တာ၊လမ်းလျှောက်ရင် ခြေချောင်းထိပ်နာတာတွေ ဖြစ်တတ်ပါတယ်။ ခြေသည်းညှပ်ပြီးသွားရင်လည်း ထောင့်စွန်းလေးတွေ လိုက်ညှိတာ၊ဖော့နဲ့တိုက်တာတွေ လုပ်သင့်ပါတယ်။

၅။နေ့စဉ် နှိပ်နယ်ပေးပါ။
နှိပ်နယ်ပေးတာဆိုတာ ဆိုင်မှာမှရယ် မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ခြေချောင်းလေးတွေ၊ဖနောင့်နဲ့ ခြေသလုံးတွေကို မိနစ် ၂၀လောက် အိပ်ယာဝင်ခါနီး နှိပ်ရင် လုံလောက်ပါတယ်။ ဒီလိုနှိပ်ပေးခြင်းအားဖြင့် ခြေထောက်သွေးလည်ပတ်မှုကောင်းစေခြင်း၊သက်တောင့်သက်သာရှိစေခြင်း၊နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း ၊ခြေကျင်းဝတ်တွေကို သန်မာစေခြင်း၊ နာကျင်မှုလျော့ပါးစေခြင်းနဲ့ ခြေထောက်ကိုက်တာတွေကို သက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

၆။သင့်တော်တဲ့ ဖိနပ်တွေကို စီးပါ။
အရမ်းကြပ်လွန်းတဲ့ ရှုးတွေ၊မြင့်လွန်းတဲ့ဒေါက်တွေက သင့်ကို မသက်မသာဖြစ်စေတဲ့အပြင် ခြေထောက်မှာရှိတဲ့ ကြွက်သားတွေကို ယောင်ရမ်းနာကျင်တာတွေဖြစ်စေပါတယ်။ ချောင်လွန်းတဲ့ဖိနပ်တွေကျတော့လည်း လမ်းလျှောက်တဲ့အခါ ချော်လဲတာ၊ကျွတ်ကျန်ခဲ့တာတွေဖြစ်တတ်ပါတယ်။ သင်က လုပ်ငန်းခွင်ထဲမှာ တစ်နေကုန်နေရတဲ့သူဆိုရင်တော့ သက်တောင့်သက်သာအလုပ်လုပ်ဖို့အတွက် အံကိုက်ဖြစ်တဲ့ဖိနပ်တွေကိုပဲရွေးချယ်ပါ။

Credit :Trend Myanmar