Breaking News

ရွှေဝယ်ယူသူများ ဧပြီ ၁ ရက်မှ စတင် အခွန်ပေးဆောင်ရမည် News


ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် သတ်မှတ်လိုက်ပြီး ဥပဒေ အတည်ဖြစ်ပါက ၀ယ်ယူသူများမှ အခွန်သုံးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အသက်ဝင်မည့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရွှေဝယ်ယူသူများက အခွန်သုံးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားသည်။

“ဥပဒေအရတော့ ရွှေဝယ်ယူသူက အခွန်ပေးဆောင်ရမှာပါ” ဟု ဦးကျော်ဝင်းက ဆိုသည်။
ရွှေလုပ်ငန်းရှင်များ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရာတွင် ၀ယ်ယူသူထံမှ ငါးရာခိုင်နှုန်း အခွန်ကောက်ခံ၍ မရသဖြင့် နိုင်ငံတော်သို့ တင်ပြသဖြင့် လာမည့် ၂၀၁၇-၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေကြမ်း၌ လက်ရှိ ကောက်ခံနေသည့် ငါးရာခိုင်နှုန်းအစား သုံးရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရွှေလုပ်ငန်းရှင်များက ကျသင့်အခွန်အခများ ပေးဆောင်နေကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။

“ရွှေမှာ အခွန်ဆောင်တာက တစ်ဦးနဲ့ တစ်ဦးမတူဘူး။ ထုတ်လုပ်တဲ့သူကျတော့ နိုင်ငံတော်နဲ့ ခွဲဝေခံစားမှုဆိုပြီး စာချုပ်နဲ့ လုပ်တဲ့အပိုင်း တစ်ပိုင်းရှိတယ်။ ရွှေလုပ်ငန်းရှင် တွေကျတော့ ဆောင်ရတဲ့အခွန် နှစ်မျိုးပဲရှိတယ်။ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်နှစ်ခုပဲ ရှိတယ်။ သို့သော်လည်းပဲ နောက်ပိုင်းထွက်တဲ့ အထူးကုန်စည် ခွန်မှာတော့ သွယ်ဝိုက်တဲ့နည်းနဲ့ ပတ်သက်သွားတာပေါ့။ အဓိကပေးဆောင်ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်မှာ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်ခွန်ကို ငါးရာခိုင်နှုန်း သတ်မှတ်ထားတာရှိတယ်။ အဲဒီကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း သတ်မှတ်တဲ့အချိန်မှာ လက်တွေ့မှာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေသည် ငါးရာခိုင်နှုန်းကို ၀ယ်ယူတဲ့သူဆီက ကောက်လို့မရဘူး။ အဲဒီလို ကောက်လို့မရတဲ့ အတွက်ကြောင့် နိုင်ငံတော်ကို ကျွန်တော်တို့ တင်ပြတယ်။ တင်ပြတဲ့အခါမှာ နိုင်ငံတော်ကနေပြီးတော့ ၂၀၁၇ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းမှာတော့ သုံးရာခိုင်နှုန်းဆိုပြီး ခန့်မှန်းရေးထားတာရှိတယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။

ဖေဖော်ဝါရီ ၆ ရက် ပြည်တွင်းရွှေဈေးကွက်တွင် မွန်းလွဲ ၃ နာရီဈေးမှာ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၈၈၁၅၀၀ ဖြစ်ပြီး ၁၅ပဲရည်တစ်ကျပ်သားလျင် ၈၂၉၇၀၀ ဖြစ် ကြောင်း အောင်သမာဓိ စိန်ရွှေရတနာဆိုင်မှ သိရသည်။ ရွှေထည်လက်ဝတ်ရတနာ ၀ယ်ယူသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရာတွင် ကျသင့်မည့် ပမာဏမှာ ဥပမာအား ဖြင့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ရွှေတစ်ကျပ်သား ကျပ် ၉၀၀၀၀၀ ဖြစ်ပေါ်နေပါက ၀ယ်ယူသူမှ ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်း ကျပ် ၂၇၀၀၀ ကို ထပ်ပိုးပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

Writer:
ဖြိုးဝေEleven Media Group