Breaking News

""" ရေခဲတိုက်ခေါင်းတလားအမှတ်(၁၄) ထဲကမိန်းကလေး """´ ဖြစ်ရပ်မှန် News,

""" ရေခဲတိုက်ထဲကမိန်းကလေး """
တကယ်တော့ ကျွန်တော်သည် သူရဲဘောကြောင်သူတစ်ယောက် မဟုတ်သလို သိပ်ပြီးသတ္တိကောင်းလှသည်တော့လည်း မဟုတ်ပါ။ သို့သော် ကျွန်တော့်မိသားစုအခြေအနေအရ ကျွန်တော်၏ တက္ကသိုလ်ပညာရေးတွင် ကျောင်းစရိတ် အထောက်အပံရရေးအတွက်ဝင်ငွေမဆိုးလှသော၊ ဘောက်ဆူးကောင်းကောင်းရသည့် သည်အလုပ်ကို ကျွန်တော် ဝင်လုပ်နေရခြင်းဖြစ်ပါသည်။ကျွန်တော့် အလုပ်ကို ကျွန်တော် မနှစ်မြို့လှသော်လည်းအလုပ်ကိုမှီ၍ ရရှိလာသော အခွင့်အရေးများအတွက်ကျွန်တော်သည် အလုပ်ကို လက်မလွှတ်နိုင်ပါ။ကျွန်တော်၏ အလုပ်မှာ တခြားမဟုတ်၊ လူတိုင်းနှာခေါင်းရှုံချင်စရာကောင်းသော ဆေးရုံကြီး၏ရင်ခွဲရုံတွင် ညစောင့်လုပ်ရခြင်းပင် ဖြစ်ပါ၏။သည်အလုပ်ကြောင့်ကျွန်တော့်အတွက်နေ့ခင်းပိုင်းတွင်ပညာကောင်းကောင်းသင်ကြားခွင့်ရသလို ညဘက်တွင်လည်း တာဝန်ထမ်းဆောင်ရင်း စာဖတ်ချိန် ကောင်းကောင်းရပါသည်။

ကျွန်တော်က ကူးလပ်စ်သင်္ချာပုစ္ဆာများ တွက်နေချိန်တွင်လူသေအလောင်းများက အနှောင့်အယှက် မပေးပါ။ထိုနေ့က ကျွန်တော် လုပ်ငန်းခွင်ရောက်လာချိန်မှာတော်တော်စောနေပါသေးသည်။ နေ့ပိုင်း တာဝန်ကျတာဝန်ခံလူကြီး ဦးဖိုးသာကို ခါတိုင်းလိုပင် စောစောအနားယူစေခဲ့ပါသည်။ သူ့ခမျာ အသက်ကလည်းကြီးပြီးခြေတစ်ဖက်ကလည်း မသန်စွမ်းပါ။ သူသည်လုပ်ငန်းခွင်တွင် အချိန်အနည်းငယ်သာနေတတ်သူလည်းဖြစ်ပါသည်။သူ ကျွန်တော့်ကို နှုတ်ဆက်ပြီး ရင်ခွဲရုံထဲမှခပ်မြန်မြန်ထွက်ခွာသွားခဲ့သည်။ ခန်းမကြီးထိပ်ရှိအခန်းကျဉ်းကျဉ်းကလေးတွင် ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ စားပွဲပေါ်တွင် ထရန်စစ္စတာရေဒီယိုတစ်လုံး၊ကျောင်းသုံးစာအုပ်များနှင့် သာမိုမီတာတစ်ခုသာရှိပါသည်။

 ကျွန်တော်သည် မှတ်တမ်းစာအုပ်ထူကြီးထဲတွင် စာရင်းများရေးသားနေခဲ့ပါ၏။ဦးဖိုးသာသည် စာရင်းအင်းများကို သပ်ရပ်လှပသော သူ၏လက်ရေးများဖြင့်ရေးသွင်းခဲ့သည်။ရေနစ်သေသူယောက်ျား၊ ကားတိုက်သေဆုံးသူတစ်ဦးနှင့် မိန်းမတစ်ယောက်၊ အိပ်ပျော်နေစဉ် အခန်းမီးလောင်၍ သေဆုံးခဲ့သူခင်ဇော်၊ ဓားထိုးခံရသူတစ်ယောက်၊ မြစ်ထဲမှပေါ်လာသောအမျိုးသမီးအလောင်းတစ်လောင်း။ဦးဖိုးသာတာဝန်ကျချိန်တွင် အလောင်းတစ်လောင်းမျှရောက်လာတာမတွေ့ရပါ။ သည်ရက်ပိုင်း အသေအပျောက်နှုန်းလျော့နည်းသဖြင့်စိတ်သက်သာရာ ရရှိပါသည်။►ခေါင်းတလား အမှတ် (၁၄)ထဲက ကန့်အနံတွေ ထွက်နေတယ်...ရုတ်တရက် ပြန်ခါနီး ပြောသွားသော ဦးဖိုးသာ၏စကားကိုအမှတ်ရလိုက်၏။

 ခေါင်းတလား အမှတ် (၁၄)ထဲသို့နောက်ဆုံး ရောက်ရှိခဲ့ဖူးသော အလောင်းမှာသနားစရာကောင်းလှသော အဘွားအိုဒေါ်အိုဇာဖြစ်ကြောင်း ကျွန်တော် ကောင်းကောင်းမှတ်မိသည်။သူမ၏ ခန္ဓာကိုယ်မှာ နေလှန်းထားသော အမဲခြောက်လိုပိန်ကျစ်ပြီး မည်းနက်လျက်ရှိ၏။ သို့သော် သူမ၏စိတ်ကူးကမ္ဘာထဲမှာမူ သူမသည် အပျိုစင်နတ်မိမယ်တစ်ပါးပင် ဖြစ်ချင်ဖြစ်နေလိမ့်မည်။သူမက သူမကိုယ်သူမ လိပ်ပြာလှသည်ဟု မကြာခဏကြေညာလေ့ရှိ၏။ သူမတွင် လူတိုင်း၌ မရှိနိုင်သောတန်ခိုးသတ္တိများရှိသည်ဟုလည်း လူအများက ယုံကြည်နေကြ၏။

သူမ နေထိုင်ရာရပ်ကွက်သည် ဆင်းရဲသားရပ်ကွက်ဖြစ်၍အသိဥာဏ်နည်းပါးပြီး အယူသီးကြ၏။ သူမ၏ကျဉ်းကျပ်သေးငယ်လှသော အိမ်ကလေးတွင်လက်ရာမမြောက်သောရုပ်တုဟောင်းများ၊မလတ်ဆတ်သော ကန်တော့ပွဲများဖြင့် ပြည့်လျက်ရှိသည်။သူမသည် ရှေ့ဖြစ်ဟောခြင်း၊ အဆောင်ယတြာပေးခြင်း၊ ထီဂဏန်းများ ရွေးချယ်ပေးခြင်းတို့မှရရှိသောဝင်ငွေကလေးဖြင့် မျှတသုံးစွဲခဲ့ရလေသည်။သူမ၌ ဆွေမျိုးသားချင်း၊ သားထောက်သမီးခံလည်းမရှိရှာချေ။


 သူမသည် လူတစ်ယောက်၏ ရှေ့ရေးကိုအကောင်းသာဟောပြောလေ့ရှိပြီး မကောင်းသောရှေ့ပြေးနိမိတ်များကိုမူ ကြိုတင်ဟောကိန်းထုတ်ခြင်း မပြုပေ။သူမသည် ရေခဲတိုက်ထဲ၌ တစ်နေ့နှင့် တစ်ညသာ နေခဲ့ပြီးပိုင်ရှင်မဲ့အလောင်းအဖြစ် ဆေးရုံမှ သဂြိုလ်ပေးခဲ့ရသည်။►ခေါင်းတလား အမှတ် (၁၄)ထဲက အနံတွေ ထွက်နေတယ်...သို့သော် ထိုအနံကို ကျွန်တော် မရပါ။ ဓာတ်ခွဲခန်းမှအနံ့များကိုသာ ရှူရှိုက်မိနေပါသည်။ 

ထိုအနံ့တွေကြားမှပင်စာကို မနည်းကြိုးစားဖတ်ရှုနေရသည်။ကျွန်တော် မှတ်တမ်းစာအုပ်ကြီးကို ပိတ်ပစ်လိုက်သည်။တာဝန်အရ အဆောက်အအုံတွင်းမှာလှည့်လည်ကြည့်ရှုစစ်ဆေးရပေဦးမည်။အခန်းက ကျယ်ဝန်းပြီး အေးစိမ့်နေသည်။ လျှပ်စစ်မီးများထိန်နေအောင် ထွန်းထား၏။ ကြမ်းပြင်၌ ပိုးသတ်ဆေးရည်များပက်ဖျန်းထားသည်။ထိုစားပွဲပေါ်တွင် ဘာမျှမရှိဘဲအအေးစက်မှ စက်သံသဲ့သဲ့သာ ကြားနေရသည်။ကျွန်တော်သည် လက်ယာဘက်ရှိ အဆောက်အအုံထဲသို့ဝင်ခဲ့သည်။

 ထိုအဆောက်အအုံသည် အလောင်းများထားရှိရာ နေရာဖြစ်ပြီး သက်ဆိုင်ရာဆွေမျိုးများမှတာဝန်ယူသဂြိုလ်ရမည့် အလောင်းများရှိနေသည်။တလားခေါင်း၏ လက်ကိုင်တွင် သေဆုံးသူ၏အမည်ရေးထိုးထားသော ကတ်ပြားများကို ဝါယာကြိုးသေးသေးဖြင့် ချည်ထား၏။ ထိုအမည်နှင့် အတွင်းမှ အလောင်းကို တိုက်ဆိုင်စစ်ဆေးရမည် ဖြစ်လေသည်။ကျွန်တော် ခပ်တိုးတိုး လေချွန်လိုက်ရင်း ကတ်ပြားများကိုလိုက်လံစစ်ဆေးနေခဲ့သည်။ 

တလားခေါင်း အမှတ်(၁၄)အနီးသို့ ရောက်သောအခါ ရုတ်တရက်နှာချေလိုက်မိ၏။တစ်ချိန်တည်းတွင် တစ်စုံတစ်ရာကိုဒေါသဖြစ်လျက်ရှိပြီး ဦးဖိုးသာ၏ ကန့်စော်နံတယ်..ဆိုသောစကားကို သတိရလိုက်သည်။ကျွန်တော် ခေါင်းတလား အမှတ် (၁၄)ကို ကျော်သွားပြီးမှပြန်လှည့်ကြည့်လိုက်မိသည်။ ဦးဖိုးသာ၏ စာရင်းတွင်ခေါင်းတလား အမှတ် (၁၄)၌ အလောင်းရှိကြောင်း မတွေ့ရှိရပါ။

ကျွန်တော် အနားကပ်ပြီး ကတ်ပြားကို ငုံ့ကြည့်လိုက်သည်။ကတ်ပြားပေါ်တွင်လည်း မည်သည့်နာမည်မှ ရေးသွင်းထားခြင်းမရှိပါ။ ဦးဖိုးသာမှာ လူအိုလူမင်းတစ်ယောက်ပင်ဖြစ်လင့်ကစား ဒီလောက်ထိတော့ နမော်နမဲ့နိုင်လိမ့်မည် မဟုတ်ပါ။ကျွန်တော် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ အဘိုးကြီးကျွန်တော့်ကို နောက်စရာမရှိ ကြံဖန်နောက်နေတာပဲ ဖြစ်ရမယ်။တလားခေါင်းလက်ကိုင်ကို ဆွဲယူ၍ အပြင်သို့ ထုတ်လိုက်သည်။

တလားခေါင်းဘီးများ ရွေ့လျားပြီး လျှောခနဲ ထွက်လာသည်။ရုတ်တရက် ကျွန်တော် လေချွန်သံ ရပ်သွားသည်။တလားခေါင်းထဲမှ လှပသော မိန်းမချောလေး။ ငယ်ရွယ်နုပျိုပြီး ပန်းကလေးတစ်ပွင့်လို အပြစ်ကင်းစွာလဲလျောင်းလျက်ရှိသည်။ မှိတ်ထားသည့် သူမ၏မျက်ခွံပေါ်မှ မျက်တောင်လေးများမှာ ကော့ညွှတ်လျက်။ဆံပင်များက နက်မှောင်ရှည်လျားစွာ ပခုံးပေါ်မှဝဲကျနေသည်။ သူမ၏ နဖူးပြင်မှာ ကုန်း၍ မွှေးမွှေးပေးချင်လောက်အောင်ပင် ချောမွေ့ပြေပြစ်လျက်လှပလွန်းနေသည်။ အိပ်ပျော်နေသည့်နတ်မိမယ်အလား။
အဖြူရောင်အကျီနှင့် နီရဲသော ထဘီကို ဝတ်ဆင်ထားသဖြင့် သူမသည် သူနာပြုတစ်ယောက်ဖြစ်ကြောင်းသိသာသည်။ သူမ၏ လည်တိုင်ကြော့ကြော့တွင်အမ်စီကြိုးကလေးဆွဲထားပြီး ရွှေဆွဲပြားပေါ်တွင်အင်္ဂလိပ်စာလုံး (S) ဟု ထွင်းထားသည်။ကျွန်တော် ဦးခေါင်းကို ခါယမ်းလိုက်ပြီးစားပွဲဆီ ပြန်လာခဲ့သည်။ ပြီးတော့ စာရင်းစာအုပ်အထူကြီးကို သေချာစစ်ဆေးကြည့်မိသည်။ 

ဦးဖိုးသာကို အပြစ်မတင်ချင်သောကြောင့်ပါ။ဒီနေ့ စာရင်းမှာလည်း မတွေ့၊ မနေ့က စာရင်းမှာလည်းမတွေ့၊ အရင့်အရင်နေ့တွေက စာရင်းမှာလည်း မတွေ့။ခေါင်းတလားအမှတ်(၁၄)တွင် ဘာမျှမရှိပါချေ။ခေါင်းတလားအမှတ်(၁၄)ကို ဆွဲဖွင့်ထားခဲ့မိပါသည်။အက်စ် (S) စာလုံးအမည်ရှင် မိန်းမချောလေး၏ရုပ်ပုံလွှာကို ကျွန်တော့် မျက်စိထဲမှာ ယခုတိုင်မြင်နေဆဲပါ။ကျွန်တော် တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။အဘိုးကြီး ဦးဖိုးသာနေသော အိပ်ဆောင်ရှေ့မှပီစီအိုဖုန်းနံပါတ်ကို လှည့်ပြီး အခေါ်ခိုင်းလိုက်သည်။ချက်ချင်းပင် သူ့အသံကြားရသည်။

►ကျွန်တော် မိုးလွင်ပါ ဦးဖိုးသာ...
►ဘာလဲကွ..မင်းသူငယ်ချင်းတွေ လာခေါ်ပြန်ပြီလား..မင်းအစား ငါ ဂျူတီဝင်မပေးနိုင်ဘူးကွ..ငါ နေမကောင်းချင်သလို ဖြစ်နေတယ်...
►မဟုတ်ဘူး ဦးလေး.. ခေါင်းတလားအမှတ်(၁၄)ထဲကမိန်းကလေးအကြောင်း မေးမလို့ပါ...
►ခေါင်းတလားအမှတ် (၁၄)ထဲမှာ ဘာမှ မရှိပါဘူး ကောင်လေးရ...

►မဟုတ်တာဘဲ ဦးလေးရာ.. အဲဒီ ခေါင်းတလားအမှတ်(၁၄)ထဲမှာ မိန်းကလေးတစ်ယောက်ရှိနေတယ်..တကယ့် မိန်းမချောလေးဗျ.. သေတယ်လို့တောင်မထင်ရဘူး.. ခင်ဗျား စာရင်းသွင်းဖို့မေ့သွားပုံရတယ်..ဟုတ်လား...►ကြံကြီးစည်ရာကွာ.. ပေါက်တတ်ကရတွေ လာမပြောနဲ့...ဦးဖိုးသာအသံက မကျေမနပ် ဒေါသသံပါနေသည်။

►ဒါတော့ ကျုပ် ဘယ်ပြောတတ်ပါ့မလဲ... ဟုကျွန်တော်က ပြောလိုက်သည်။ ပြီးမှ ဆက်၍-
►ခင်ဗျား မမေ့လို့ ဘယ်သူမေ့မှာလဲ..ဒီကိစ္စကခင်ဗျားဂျူတီချိန်မှာ ဖြစ်တာ.. ကျွန်တော့်အချိန်မှာ ဒါမျိုးကရှိခဲတယ်.. ခင်ဗျား မယုံရင် လာကြည့်.. ဒီမှာ မိန်းမချောလေးက ခေါင်းတလားအမှတ်(၁၄)ထဲမှာ စောင့်နေတယ်...

ဦးဖိုးသာ တယ်လီဖုန်းကို ဆောင့်ချသွားသည်။ ကျွန်တော့်မှာနားတောင်အူသွားသည်။ ကျွန်တော် ပြုံးပြီးတယ်လီဖုန်းကို ပြန်ချကာ စီးကရက်သောက်နေလိုက်သည်။သိပ်မကြာလိုက် ဦးဖိုးသာ ထော့နင်း ထော့နင်းဖြင့်ရင်ခွဲရုံတွင်း ဝင်ရောက်လာသည်။ သူ့ကြည့်ရတာတုန်တုန်ယင်ယင်ဖြင့် တော်တော့်ကို မကျေမချမ်းဖြစ်နေပုံရသည်။ 
သူက ကျွန်တော့်ကို ပြုးတူးပြဲတဲဖြင့် ကြည့်သည်။ကျွန်တော်က ခပ်ပြုံးပြုံးဖြင့် ပြန်ရင်ဆိုင်လိုက်သည်။ပြီးမှ သူ့ကို အလောင်းများထားရာ အခန်းဆီသို့ ရှေ့မှဦးဆောင်ခေါ်လာခဲ့သည်။ဦးဖိုးသာ စပရိန်တံခါးကို တွန်းဖွင့်ဝင်သွားသည်။ကျွန်တော်က အသာနောက်ဆုတ်ပေးပြီး သူ့နောက်မှအသာကပ်လိုက်လာခဲ့သည်။ ခေါင်းတလားအမှတ်(၁၄)မှာ အပြင်ကို ဆွဲထုတ်ထားဆဲပင်။သူက ခေါင်းတလားကို ငုံ့ကြည့်လိုက်ပြီးပြုးတူးပြဲတဲဖြင့် ကျွန်တော့်ဘက် လှည့်အော်သည်။

►မိုးလွင်...သူက ဒေါသတကြီးအော်သည်။►ငါသာ ဟိုတုန်းက စိတ်မျိုးဆိုရင်မင်းလိုကောင်မျိုးနှာခေါင်းရိုးကျိုးပြီမှတ်.. ငါ့လို သက်ကြီးရွယ်အိုအဘိုးကြီးကို ငါ့တူလောက်၊ ငါ့သားလောက်ကောင်လေးက မခန့်လေးစားလုပ်တာ ငါလုံးဝသည်းမခံနိုင်ဘူး..ဒီလို စက်ဆုပ်စရာကောင်းတဲ့ နေရာမျိုးကို လူကြီးခေါ်ပြီးနောက်ရတယ်လို့ကွာ.. ငါကတော့ မင်းကို လူတော်လူကောင်းလေးလို့အောက်မေ့ပြီး ဆက်ဆံခဲ့တာ....

►နေပါဦး..ဦးလေးဦးဖိုးသာ..ကျွန်တော်ပြော....►တော်ကွာ.. မင်းကို ငါ ဆေးရုံအုပ်ကြီးနဲ့ကို တိုင်မယ်...ကျွန်တော် ခေါင်းတလားကို လှမ်းကြည့်လိုက်သည်။တလားထဲမှာတော့ မိန်းမချောလေးက လဲလျောင်းနေဆဲပင်။ဦးဖိုးသာက ကျွန်တော့်ကို တွန်းဖယ်ပြီး ထွက်သွားရန်ပြင်သည်။ ကျွန်တော့်မှာ ကြောက်စိတ်တွေ ဝင်နေပါပြီ။►ဦးဖိုးသာ...ကျွန်တော် အော်ခေါ်လိုက်သည်။►ခင်ဗျား မမြင်ဘူးလား.. ထဘီနီနဲ့ ကောင်မလေးကို ခင်ဗျား မတွေ့ဘူးလား...

►တိတ်စမ်းးး....သူက ဒေါသဖြင့် ပြန်အော်သည်။
►ငါ သေသေချာချာ ကြည့်ပြီးပြီ.. အထဲမှာ ဘာဆိုဘာမှ မရှိဘူး..မင်းနဖူးထက်တောင်မှ ပြောင်သေးတယ်...
►နေပါဦး...ကျွန်တော် သူ့လက်ကို ဆွဲတားထားလိုက်သည်။သူ့ကို မသွားစေချင်သေးပါ။►ဘာတွေ..ဘယ်လိုဖြစ်နေတယ်..မပြောတတ်ပါဘူးဗျာ...

►ဘာမပြောတတ်ဘူးလဲ.. ဒါ တမင်စော်ကားတဲ့ နောက်ပြောင်မှုပဲကွ...
►ခေါင်းထဲကို သေချာထပ်ကြည့်စမ်းပါဦးဗျာ...
►တော်ပါကွာ.. ငါ့လို အဖေအရွယ်၊ အဘိုးအရွယ်လူကြီးကို တမင်သက်သက် အိမ်ကခေါ်ပြီးနောက်ပြောင်တာတော့ သိပ်ကို အောက်တန်းကျသကွာ...သူက အတင်းရုန်းပြီး ကျွန်တော့် လက်ထဲမှထွက်သွားသည်။ အခန်းရှေ့ ကော်ရစ်ဒါတွင် တစ်ဖန်ရပ်ပြီးကျွန်တော့်အား လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောပြန်သည်။

►မင်း..တော်တော်ရက်စက်တဲ့ကောင်..မနက်ဖြန်အလုပ်သစ်ရှာရပြီလို့သာ မှတ်လိုက်ပေတော့...သူထွက်သွားပြီးနောက် ကျွန်တော် ခေါင်းတလားနံပါတ်(၁၄)ကို တစ်ဖန် လှမ်း၍ ကြည့်လိုက်မိပြန်သည်။အင်္ဂလိပ်စာလုံး (S) ဆွဲပြားကလေး ဆွဲထားသောမိန်းမချောလေးမှာ ခေါင်းတလားထဲတွင် ရှိမြဲရှိနေပြန်သည်။

►မိန်းမချောလေးရယ်...ကျွန်တော် တိုးတိုးကလေး ရေရွတ်လိုက်သည်။
►မင်းသွားလိုရာ သွားပါတော့.. ငါ့ကို မကျီစားပါနဲ့လားကွယ်...ကျွန်တော် မျက်စိမှိတ်ပြီးပြန်ဖွင့်လိုက်သည်။ သူမဘယ်ကိုမှမသွား၊ ရှိမြဲရှိနေဆဲပါလေ။ ကျွန်တော့်အခန်းသို့ပြန်ပြီး ခဏထိုင်နေလိုက်သည်။ သိပ်မကြာခင်မှာပင်လူသေအလောင်းသွင်းသော တံခါးဆီမှဘဲလ်သံကြား၍ ထဖွင့်ပေးလိုက်ရသည်။ခင်ဇော်၊ လှကိုတို့ နှစ်ယောက် အဝတ်အစားများပေရေစုတ်ပြတ်လျက်ရှိသော အလောင်းတစ်လောင်းကိုခန်းမအလယ်ရှိ ကျောက်စားပွဲပေါ်သို့ထမ်းစင်ပေါ်မှ မ တင်လိုက်ကြသည်။

►ထရပ်ကားနဲ့ ဝင်အောင်းသွားတာ...လှကိုက ပြောသည်။

►သူ့ကိုလည်း ငထွန်းလို ရေခဲစိမ်ထားလိုက်ကွာ...ခင်ဇော်က ပြောသည်။
►မင်းတစ်ယောက်တည်း ပျင်းနေမှာစိုးလို့စကားပြောဖော် ခေါ်လာပေးတာပါကွာ...လှကိုက အလောင်းကို အဝတ်ဖြင့် ဖုံးအုပ်ရင်းကျွန်တော့်အား ကြောက်တတ်မှန်းသိ၍ တမင်စနောက်လိုက်သည်။

►သနားစရာပဲ..ဒဏ်ရာဗလပွနဲ့.. ဟိုမိန်းကလေးကျတော့လည်း ဘာဒဏ်ရာမှကို မတွေ့ရဘူး...ကျွန်တော်က နဖူးကို လက်ကိုင်ပဝါဖြင့်သပ်ရင်း ပြောလိုက်သည်။
►ဘာရယ်..မိန်းကလေး...
►ဟုတ်တယ်...ကျွန်တော် ခေါင်းညိတ်ပြီး ဆက်ပြောပြလိုက်သည်။
►ထဘီအနီနဲ့ သူနာပြုဆရာမလေး..ခေါင်းတလားအမှတ် (၁၄)ထဲမှာ...လှကိုနှင့် ခင်ဇော်တို့ ပွင့်နေသော ခေါင်းဆီလှည့်ကြည့်လိုက်ကြသည်။ ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြပြန်သည်။
►မိုးလွင်..မင်းနေမကောင်းဘူးလား... လှကိုက မေးသည်။
►ဘာလို့ မကောင်းရမှာလဲ...►မင်း အိပ်ရေးတွေပျက်ပြီး အိပ်မက်ဆိုးတွေများခဏခဏ မက်နေသလား...
►ဟာဗျာ..ဘာမှ မဖြစ်ပါဘူး...ကျွန်တော်က ပြန်ဖြေလိုက်သည်။
►ခေါင်းတလားအမှတ် (၁၄)ထဲက မိန်းကလေးအလောင်းကို ခင်ဗျားတို့နှစ်ယောက် လာပို့တာမဟုတ်ရင်အောင်မောင်းနဲ့ သိန်းဇော်တို့ပဲဖြစ်ရမယ်...သူတို့နှစ်ယောက်ခေါင်းတလားအမှတ်(၁၄)ဆီသို့ပြိုင်တူရွေ့လျားပြီး သွားငုံ့ကြည့်ကြသည်။ပြီးတော့ အားရပါးရ ရယ်မောပစ်လိုက်ကြသည်။►ခေါင်းတလားအမှတ် (၁၄)ထဲက မိန်းမချောလေး..ဟုတ်လား.. အဲဒါ အကြားအမြင်ဆရာမကြီး ဒေါ်အိုဇာရဲ့အလောင်းထားခဲ့တဲ့ နေရာပဲကွ..ဟုတ်တယ်..ငါ ကောင်းကောင်းမှတ်မိတယ်...လှကိုက ခင်ဇော်ကိုကြည့်ပြီး ပြောနေသည်။

►အလကားပါကွာ.. ဒီကောင် မိုးလွင် စာတွေကျက်ရလွန်းလို့ ဒါချောင်သွားပြီနဲ့ တူပါရဲ့ကွာ...လှကိုက သူ့ခေါင်းကို လက်ညှိုးဖြင့် ထိုးပြရင်းကျွန်တော့်ကိုပါမေးငေါ့နေသည်။ ဒါဆို သူတို့ မိန်းကလေး၏ရုပ်အလောင်းကို မမြင်ကြသည်မှာ သေချာပြီ။

►မင်း..အလောင်းတွေကို အပြင် ထုတ်မထားနဲ့လေကွာ...ခင်ဇော်က ကျွန်တော့်ကို ပြောပြီး သူတို့နှစ်ယောက်ပြန်လှည့်ထွက်သွားကြသည်။ အပေါက်ဝဘက်ရောက်တော့ကျွန်တော့်ကို မသင်္ကာသလိုလို၊ စိုးရိမ်သလိုလိုပုံစံမျိုးဖြင့်လှည့်ကြည့်သွားပြန်သေးသည်။ကျွန်တော် ပထမဦးဆုံးအကြိမ်အဖြစ် သည်အခန်းထဲမှာတစ်ဦးတည်းနေရမှာကို ကြောက်ရွံ့လာသည်။ကျွန်တော် ခေါင်းတလားအမှတ်(၁၄)ကို သတိကြီးစွာထား၍ ကြိုးတန်းလမ်းလျှောက်သလို ရှောင်ရှားကွေ့ဝိုက်၍ ကျော်ဖြန်လာခဲ့သည်။

►ဂွတ်ဘိုင်..မိန်းကလေးရေ.. မင်းသွားပါတော့လားကွာ..မင်းဟာ တကယ်ရှိတာလည်း မဟုတ်ဘဲနဲ့.. ပြီးတော့လူသေအလောင်းလည်းမဟုတ်ဘဲနဲ့ ငါ့ကိုမခြောက်လှန့်ပါနဲ့.. မင်းကို ငါကလွဲပြီး ဘယ်သူမှလဲမြင်ရတာမှမဟုတ်တာ.. မင်း သွားပါတော့..မိန်းကလေးရယ်.. သွားတော့နော်.. သွားပါတော့....ကျွန်တော် ရေရွတ်မှုတွေက အရာမထင်။ ကျွန်တော်စားပွဲမှာထိုင်ရင်း အတော်ကြာအောင် တုန်လှုပ်နေမိသည်။သြော်..ခုမှသတိရသည်။

 ဦးကြီး ဦးဖိုးသာ၊လှကိုနှင့် ခင်ဇော်တို့က ကျွန်တော့်ကို နောက်ပြောင်သည်ဟုယူဆခဲ့ကြသည်။ တကယ်တော့ နေ့ခင်းဘက်တာဝန်ကျသော အောင်မောင်းနဲ့ သိန်းဇော်တို့ပဲဖြစ်လိမ့်မည်။သူတို့အဖို့ ကျွန်တော့်လို ကျောင်းသားလူငယ်ချာတိတ်ကလေးကို နောက်ပြောင်စရာ၊ခြောက်လှန့်စရာဟုယူဆခဲ့ကြပုံရသည်။

ကျွန်တော် အသက်ကို ဝအောင်ပြင်းပြင်းရှူထုတ်လိုက်ပြီး အကြောက်ပြေအောင်လုပ်လိုက်သည်။ပြီးမှ ကျွန်တော့်ဖခင်၏မိတ်ဆွေဖြစ်သောမှုခင်းထောက်လှမ်းရေးအရာရှိ ဦးအောင်ကျော်မြင့်ထံဖုန်းဆက်လိုက်သည်။ သူသည် အရပ်ဝတ်အရာရှိတစ်ဦးဖြစ်ပြီး ကျွန်တော့်အပေါ်တွင် သံယောဇဉ်ကြီးသူ၊တူလို သားလို ခင်မင်သူဖြစ်၏။ ယခု သည်နေရာ၊သည်အလုပ်ကိုပင် သူထောက်ခံပေး၍ ရခဲ့ခြင်းဖြစ်သည်။►ဦး..ဦးအောင်ကျော်မြင့်လားဟင်...
►ဟေ..မောင်မိုးလွင်လာ.. ဘာကိစ္စရှိလို့လဲကွ...
►ဒီမှာ ပြဿနာပေါ်နေလို့...
►လူသတ်မှုမျိုးလား...
►ဟင့်အင်း..ကျွန်တော် မသိသေးဘူး..သူနာပြုဆရာမ မိန်းမချောလေးပါ..ဆရာ..သူ့နာမည်အတိုကောက် အက်စ် (S) စာလုံးပါတယ်...
►မင်း ဦးဖိုးသာကို ပြောမပြဘူးလား...
►သူက သူ့အလုပ်ချိန်မဟုတ်ရင် ဘာမှမေးလို့ မရဘူးဗျာ..သူ့ပြောပြရတာ ပိုတောင် စိတ်ပျက်ရသေးတယ်...ဦးအောင်ကျော်မြင့်က ရယ်သည်။
►ကဲပါကွာ..ထားပါတော့.. မိန်းကလေးအကြောင်း ပြောပါဦး...
►ကျွန်တော် ခုနကပြောသလောက်ပဲ..ဒီထက် ဘာမှ ပိုမသိရသေးဘူး...
►သူ ဒဏ်ရာအပြင်းအထန်ရပြီး သေတယ်လို့ မင်းထင်သလား...
►ဟုတ်မလားပဲ...
►သူ အသတ်ခံရတာလို့ ဆိုလိုတာလား...
►သေချာမသိရသေးဘူး.. မသင်္ကာစရာကောင်းတာတော့..အမှန်ပဲ...
►ဟုတ်ပြီ..ခဏစောင့်ကွာ.. မင်းကို ဘယ်လိုကူညီရမလဲဆိုတာ စဉ်းစားပြီးမှ အကြောင်းပြန်မယ်..အိုကေ...
►ဟုတ်ကဲ့..ကျေးဇူး...ကျွန်တော် ဖုန်းပြန်ချလိုက်သည်။ ခေါင်းတလားအမှတ်(၁၄)ထဲမှာတော့ မိန်းမချောလေးက အိပ်မောကျနေသလား ထင်ရသည်။ သူမ ရှိနေဆဲပါပဲ။ကျွန်တော့် အခန်းထဲမှာ ကျွန်တော်နားနေလိုက်သည်။ရင်ထဲ စိတ်ထဲမှာတော့ လူအိုလူမင်းတစ်ယောက်လိုကျွန်တော် မောနေခဲ့သည်။ တော်တော်လေးကြာမှဖုန်းခေါ်သံကြားရသည်။ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်သည်။►ဟဲလို..မိုးလွင်လားဟေ့...
►ဟုတ်ကဲ့ပါ..ဘာထူးသေးလဲ..ဦး...
►လူသတ်မှုဌာနမှာတော့ ဘာမှ မထူးခြားဘူး ကလေးရဲ့..လွန်ခဲ့တဲ့(၂၄)နာရီအတွင်း အက်စ် (S) စာလုံးပေါင်းရမယ့်နာမည်မျိုးနဲ့ ဘယ်မိန်းကလေးမှ အသတ်မခံရသေးဘူးကွ...
►ဗျာ.....ကျွန်တော် တအံ့တသြ ရေရွတ်လိုက်မိသည်။►သူနာပြုဆရာမတွေစာရင်းနဲ့စစ်ဆေးကြည့်ခဲ့တာပဲ..အေး..တစ်ခုတော့ရှိတယ်..မင်းပြောပြတဲ့ ပုံသဏ္ဍာန်နဲ့တူတဲ့ သူနာပြုဆရာမလေးတစ်ယောက်တော့ရှိတယ်.. အသက်က ငယ်ငယ်လေးပဲရှိသေးတာ..သင်တန်းဆင်းတာလည်း မကြာသေးဘူးကွဲ့...သူ့နာမည်ကလည်း အက်စ်နဲ့ပေါင်းလို့ရတယ်..ရွှေစင်တဲ့.. သူက နန်းရှေ့အောင်တော်မူမှာနေတယ်..(၆၆)လမ်း၊ (၂၉)လမ်းနဲ့ လမ်း(၃၀)ကြား၊ အိမ်အမှတ်(၇၇၇)..သူ မြို့တော်ဆေးရုံမှာ အလုပ်ဝင်တာ မကြာသေးဘူး..တကယ်လို့ သူ တစ်ခုခုဖြစ်မယ်ဆိုရင်လည်း လွန်ခဲ့တဲ့နာရီဝက်အတွင်းကပဲဖြစ်ရမယ်.. သူ့တာဝန်ချိန်ပြီးလို့စောစောကမှ ပြန်သွားတယ်လို့သိရတယ်ကွ...ကျွန်တော့်မှာ ဦးခေါင်းမှ ဆံပင်များထောင်နေအောင်ပင် ကြောက်လန့်တုန်လှုပ်နေပါပြီ။►သူ အိမ်ပြန်ရောက်လိမ့်မယ် မထင်ပါဘူးဗျာ...
►ဟေ..ဘာဖြစ်လို့..မင်းဘာတွေ လျှောက်ပြောနေတာလဲ ကောင်လေး...
►အလကား နတ်ဝင်သည်မ...ကျွန်တော် ကယောင်ကတမ်း ရေရွတ်လိုက်မိသည်။
►သူ သဘောတော့ ကောင်းရှာပါတယ်.. လူတစ်ယောက်ကို ဘယ်တော့မှ မကောင်းမဟောဘူး..ကောင်းတာပဲ ဗေဒင်ဟောတယ်...
►ဟေ့..ကောင်လေး..မင်း အရက်တွေဘာတွေများသောက်ထားသေးလား...
►ဟင့်အင်း..ကျွန်တော် နေကောင်းပါတယ်..ကျေးဇူးပဲ....ကျွန်တော် ဖုန်းချပြီးနောက် တာဝန်မှ လစ်ထွက်လာခဲ့သည်။နောက် မိနစ်နှစ်ဆယ်အကြာတွင် ကျွန်တော်၏ စူပါကပ်မ.တ.လ ဆိုင်ကယ်လေးသည် အောင်တော်မူဘုရားအနီး(၆၆)လမ်းပေါ်သို့ရောက်ရှိလာခဲ့သည်။ အိမ်အမှတ်(၇၇၇)ကို ရှာကြည့်လိုက်သည်။ သိပ်မရှာလိုက်ရပါ။အိမ်ရှေ့တွင် စက္ကူပန်းရုံတွေဖြင့် ဝေဆာစိမ်းမြသောခြံကလေးကို တွေ့လိုက်ရပါသည်။ အိမ်ကလေးငယ်သော်လည်း သပ်သပ်ရပ်ရပ်ရှိပါသည်။ကျွန်တော် သစ်ပင်ကြီးတစ်ပင် အောက်တွင်ရပ်ပြီးစောင့်ကြည့်နေလိုက်သည်။

 မကြာမီ လမ်း(၃၀)ဘက်မှာဘတ်စ်ကားတစ်စီး ရပ်လာသည်။ ဘတ်စ်ကားပေါ်မှမိန်းမပျိုတစ်ယောက် ဆင်းပြီးလျှောက်လှမ်းလာနေသည်။ကားပေါ်မှ ဆင်းလာသည်မှာ သူမတစ်ယောက်တည်းမဟုတ်ပါ။ သူမနှင့် မလှမ်းမကမ်းမှ အရပ်မြင့်မြင့်၊နေကာမျက်မှန်နှင့် လူတစ်ယောက် ကပ်ပါလာသည်။မြင်ကွင်းကို စောင့်ကြည့်ရင်းကျွန်တော့်မှာအသက်ရှူရန်ပင် မေ့နေမိသည်။ထိုသူ နောက်မှလိုက်လာသည်ကို မိန်းကလေးသိမည်ထင်သည်။ သူမသည် ခပ်သွက်သွက်ကလေးလှမ်းလာသည်။
 ထိုလူကလည်း ခပ်သွက်သွက်ပင် နောက်ကလိုက်နေသည်။ အမျိုးသမီးက သမင်လည်ပြန်လှည့်ကြည့်ပြီးမပြေးရုံတမည် အမြန်လျှောက်လာသည်။နောက်မှလူကလည်း အပြေးလိုက်လာသည်။ပြီး သူမကို နောက်မှသိုင်းဖက်ကာ ပါးစပ်ကိုပိတ်ထားလိုက်သည်။ သူမ အော်ပေမယ့် အသံထွက်မလာ။သူတို့ လမ်းဘေးပလက်ဖောင်းပေါ်တွင်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

 အမျိုးသမီးမှာလည်မျိုကို တံတောင်ကွေးဖြင့် အညှပ်ခံထားရသည်။အမျိုးသမီးက ရုန်းကန်လှုပ်ရှားနေသည်။ကျွန်တော် သစ်ပင်အောက်မှပြေးထွက်ခဲ့ပြီးလှမ်းအော်လိုက်သည်။ ကျွန်တော့်ကိုမြင်တော့သူ မိန်းကလေးကို လွှတ်လိုက်သည်။ကျွန်တော့် လက်သီးတွေက ထိုလူ၏ မျက်နှာပေါ်မှာတစ်ချက်ပြီးတစ်ချက်ကျရောက်သွားသည်။

ထိုလူက ဒူးဖြင့် ဆောင့်တွန်းလိုက်ရာ ကျွန်တော်လဲကျပြီး မေးရိုးကို ခိုက်မိသွားသည်။သည်တွင်ထိုလူလည်း နောက်လှည့်ပြေးလေတော့သည်။မိန်းကလေးက သူမ၏ ဖယောင်းလက်သွယ်ကလေးများဖြင့်ကျွန်တော့်ကို ဖေးမ တွဲထူသည်။ ကျွန်တော်သူမ၏ မျက်နှာကို ယခုမှပဲ စေ့စေ့ကြည့်လိုက်မိသည်။မျက်တောင်ကော့ကော့အောက်မှ မဟူရာမျက်ဝန်းအစုံကကျေးဇူးတင်ကြောင်း ဖော်ပြသကဲ့သို့ရှိနေသည်။

►မင်း..ဘာမှမဖြစ်ပါဘူးနော်...
►ဟင့်အင်း..ရှင်ကော ဘာဖြစ်သွားသေးလဲ...
►ရပါတယ်..နည်းနည်းပါးပါးပါ....
►ကျေးဇူးတင်လိုက်တာ.. အစ်ကိုသာ ရောက်မလာရင်ကျွန်မတော့ တွေးဝံ့စရာတောင်မရှိဘူး...
►အေးဗျာ..တော်ပါသေးရဲ့.. ကျွန်တော်လည်းမမျှော်လင့်ဘဲတွေ့ရလို့ ခုလိုဝင်ပြီး ကူညီခွင့်ရတာပါ..ကျွန်တော် အိမ်ထိ လိုက်ပို့ပေးမယ်နော်.. အဲဒီလူကိုကော သိသလား.. ရဲစခန်းကို အကြောင်းကြားဦးမလား...
►ဟင့်အင်း..နေပါစေတော့.. ကျွန်မ အိမ်ကဟိုဘက်လမ်းထဲတင်ပါ...
►ကောင်းပြီ..အတူသွားကြတာပေါ့....ကျွန်တော်တို့ စကားတပြောပြောဖြင့် လမ်းလျှောက်လာခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်မိတ်ဆက်ခဲ့ကြသည်။သူမ၏အမည်မှာ ရွှေစင် ဖြစ်ကြောင်း ပြောပြသည်။ကျွန်တော် သူမကို သူမ၏ အိမ်ပေါက်ဝအထိလိုက်ပါပို့ဆောင်ပေးခဲ့သည်။

►ကျေးဇူးပဲ..နောက်လည်း လာလည်နော်...ကျွန်တော် ခေါင်းညိတ်လိုက်သည်။ သူမထံ ဖုန်းဆက်ခွင့်ရမလားဟု ကျွန်တော်မေးတော့ သူမက ခေါင်းညိတ်ပြီးဖုန်းနံပါတ် ပေးသွားသည်။ သူမ အိမ်ထဲဝင်သွားမှကျွန်တော်လည်း ကျွန်တော့်ဆိုင်ကယ်လေးရှိရာသို့လမ်းလျှောက်ပြန်လာခဲ့သည်။ကျွန်တော် လုပ်ငန်းခွင်သို့ ပြန်ရောက်သည်နှင့်ဆွဲထုတ်ထားသော ခေါင်းတလားနံပါတ်(၁၄)ကို မရဲတရဲလှမ်းကြည့်လိုက်သည်။ 

အိုကေ..ကျွန်တော့်အတွေး လုံးဝမလွဲပါ။ခေါင်းတလားနံပါတ်(၁၄)တွင် ဘာမှရှိမနေပါ။ ခေါင်းတလားနံပါတ်(၁၄)တွင်းရှိ သူနာပြုဆရာမလေး၏ပုံရိပ်သည် ယခုတော့ ရှိမနေတော့ပါ။ သူမသည်သေမင်း၏ ခံတွင်းဝမှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလား။ကျွန်တော် ခေါင်းတလားအမှတ်(၁၄)ရှေ့တွင်ရပ်ပြီးအချိန်အတော်ကြာ ကြည့်နေခဲ့ပါသည်။သူမ၏ ပုံရိပ်သည် ယခုအခါ ခေါင်းတလားအမှတ်(၁၄)တွင် ရှိနေဖို့ မလိုတော့ပါ။အဆိုပါ ပုံရိပ်သည် ယခုအခါ ကျွန်တော်၏နက်ရှိုင်းသော နှလုံးသားတစ်နေရာတွင် ရောက်ရှိနေခဲ့ပြီဖြစ်ပါသည်.....။