Breaking News

ချစ်သူများနေ့မှာ ဇနီးမောင်နှံမဟုတ်တဲ့ စုံတွဲတွေကိုလက်ခံတဲ့ ဟိုတယ်တွေကို အရေးယူမယ် News,


ချစ်သူများနေ့မှာ အကြင်လင်မယားအဖြစ် ခိုင်ခိုင်လုံလုံ အကြောင်းမပြနိုင်တဲ့ စုံတွဲတွေကိုလက်ခံတဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းက တည်းခိုခန်း၊ ဟိုတယ်နဲ့ မိုတယ်တွေကို စစ်ဆေးအရေး သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။


ဖေဖော်ဝါရီ ၁၀ ရက်ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ချစ်သူများနေ့မှာ ခရီးသွားဧည့်သည့်မဟုတ်ဘဲ အချိန်ပိုင်းတည်းခိုသူတွေကို လက်ခံထားတဲ့ တည်းခိုခန်း၊ ဟိုတယ်နဲ့ မိုတယ်တွေကို ထိထိရောက်ရောက်စစ်ဆေး အရေးယူပေးဖို့ တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ပေးမယ့် အခြေအနေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီမေးခွန်းကို ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က တည်းခိုခန်း၊ ဟိုတယ်နဲ့ မိုတယ်တွေမှာ အကြင်လင်မယားအဖြစ် ခိုင်ခိုင်လုံလုံအကြောင်းမပြနိုင်တဲ့  စုံတွဲတွေကို ချစ်သူများနေ့မှာ လက်ခံပါရင် ဌာနဆိုင်ရာတာဝန်ရှိသူတွေက ရှောင်တစ်ခင်ဝင်ရောက်စစ်ဆေးပြီး အရေးယူမယ်လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

‘‘ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ  အထူးသဖြင့် တည်းခိုခန်းတွေမှာက မြို့ပေါ်မှာနေထိုင်တဲ့သူက ဒီ မြို့က တည်းခိုခန်းမှာ လာတည်း ရင်ခွင့်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ဌာနတွေအနေနဲ့လည်း အဲဒီလို နေ့ရက်မျိုး(ချစ်သူများနေ့)တွေမှာ အဲဒီလိုမျိုးလာရောက် တည်းခိုခြင်းကို ခွင့်မပြုဖို့ဆိုတဲ့ သတိပေးချက်တွေလည်း ထုတ်ပေးပါလို့ လမ်းညွှန်ထားပါတယ်’’ ဟု  ဦးကျော်မြင့်က 7Day Daily ကိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေ လိုက်နာဖို့ စည်းကမ်းထုတ်ပြန်တဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွေကို ဖေဖော်ဝါရီ ၁၀ ရက်ညအထိ မရောက်သေးပေမယ့် ဒီအကြောင်းအရာကို သိရှိထားတယ်လို့  ဧရာဝတီတိုင်းထဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကနေ သိရပါတယ်။

Source : 7DayDaily