Breaking News

ရန်ကုန်တိုင်းအတွင်းက ကပ်အသွင် ဝက်သက်ရောဂါကို ထိန်းချုပ်ဆဲ News

play

ရန်ကုန်တိုင်းအတွင်း ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့  ဝက်သက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့  နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောထားကြောင်း ပြည်တွင်း သတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။
ဝက်သက်ရောဂါဟာ လှိုင်သာယာ၊ တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နဲ့ သာကေတမြို့နယ်တွေမှာ အစုလိုက်ကပ်ရောဂါအသွင် ဖြစ်ပွားနေတာကြောင့် ရောဂါထိန်းချုပ်ရေးအတွက်  အသက်ကိုးလမှ (၁၅)နှစ်အတွင်း ကလေးငယ်လေးသိန်းကျော် (၄၁၁,၆၆၆) ကို ဖေဖော်ဝါရီ ၆ ရက်မှ ၂၀ ရက်အထိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက် ရှိပါတယ်။
play

ရောဂါမထိန်းချုပ်နိုင်သေးဘဲ သေဆုံးမှုရှိ၊ မရှိ စာရင်းကိုလည်း ကုသရေးဘက်ကို တောင်းထားတော့ စာရင်းအတိအကျမသိသေးဘူးလို့  ဒေါက်တာသန်းထွန်းအောင်က ပြောထားပါတယ်။
လက်ရှိမှာ ဝက်သက်ရောဂါဖြစ်ပွားသူတွေဟာ  အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံအချို့မှာ ကုသမှုခံယူနေပြီး ရန်ကုန်တိုင်းအတွင်း ၄၄ မြို့နယ်အနက် မြို့နယ်၄၀ မှာ ရောဂါဖြစ်ပွားမှုတွေရှိနေကာ  ဖြစ်ပွားမှုများနေတဲ့ မြို့နယ်ငါးမြို့နယ်ကို ကာကွယ်ဆေးထိုး စုရပ်တွေအဖြစ် သတ်မှတ်ပြီး ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
play

မိဘတွေအနေနဲ့ ကိုယ့်ကလေးအတွက် မပျက်မကွက် ထိုးကြဖို့နဲ့ အရင်တုန်းက ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံဖူးတာဖြစ်စေ၊ မထိုးနှံဖူးတာဖြစ်စေ အသက်ကိုးလမှ (၁၅)နှစ်အတွင်း ကလေးငယ်တွေ ထပ်မံထိုးနှံကြပါလို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာခင်နန်းလုံက ပြောထားပါတယ်။
ဝက်သက်ရောဂါဟာ အ သက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါကူးစက်မှု အလွန်မြန်ဆန်ပါတယ်။  ရောဂါ လက္ခဏာတွေမှာ ဖျားခြင်း၊ ခန္ဓာကိုယ်အနှံ့မှာ အနီစက်၊ အနီရောင်အပိမ့်တွေ ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီပြီး မျက်ဝတ်ထွက်ခြင်းတွေ ခံစားရနိုင်ကာ နောက်ဆက်တွဲအဆုတ်ရောင်ခြင်း (နမိုးနီးယား)၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းတွေအထိဖြစ်ပြီး အသက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။
Source: 7Day Daily
Photos: အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန