Breaking News

တောင်ငူမြို့တွင် လူသတ်မှုဖြစ်ပွား (၁၃) နာရီအတွင်း လူသတ်တရားခံအား ဖမ်းဆီးရမိ News,


မနေ့ ဖေဖ၀ါရီလ ၅ ရက်နေ့ ည ၇ နာရီခွဲခန့်က သာသနာ့ဗိမာန် ဘုန်းကြီးကျောင်း တောင်ဘက် ရန်ကုန်ကျောင်းရှေ့ မြစည်းခုံဘုရားဈေးလမ်းပေါ်တွင် အမျိုးသမီးတယောက် ဓားဒဏ်ရာများဖြင့်လဲနေ၍ တောင်ငူဆေးရုံ အရေးပေါ်ဌာနသို့ ရောက်ရှိနေကြောင်း (၁၆) ရပ်ကွက် ရာအိမ်မှူး ဦးခင်မောင်ဦးမှ ဖုန်းဆက် အကြောင်းကြားသဖြင့် စခန်းမှူး ရဲအုပ်တင်ဦး၊ တာဝန်မှူး ရဲအုပ်နေလင်းအောင်တို့ အဖွဲမှ သွားရောက် စစ်ဆေးရာ ကုလားဆင် အမျိုးသမီး တဦးကို ဦးခေါင်း ငယ်ထိပ်၊ ၀ဲ နဖူး၊ ၀ဲ နားနောက်၊ ၀ဲယာ နို့အုံ၊ ယာ ပါးနှင့် ယာ ပေါင်ရင်းတို့တွင် ပြတ်ရှဒဏ်ရာများနှင့် စိုးရိမ်ရသောအခြေအနေ တွေ့ရှိရပြီး ဆေကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
သေဆုံးသူမှာ မဥမ္မာခိုင် (ခ) ရချီတာ (၂၃) နှစ် (ဘ) ဦးရာကွတ်၊ (၁၂) ရပ်ကွက် မြစည်းခုံဘုရားလမ်း၊ တောင်ငူမြို့ဖြစ်ပြီး ဖြစ်ပွားပုံမှာ မနေ့ ဖေဖ၀ါရီလ ၅ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က အမည်မသိ အမျိုးသားတယောက်နှင့် အတူတူ စက်ဘီးစီးလာရင်း ကျောင်းရှေ့ ၀ံသာနုလမ်းပေါ်သို့ အရောက်တွင် စကားများ ရန်ဖြစ်ကြပြီး ၄င်းအမျိုးသမီးအား ဓာဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း ဘုန်ကြီးကျောင်းဝန်းနေ ဇေယျာဝင်းမြင့်ဆိုသူ၏ ပြောပြချက်အရသိရှိရပါတယ်။
စခန်းမှူး ရဲအုပ်တင်ဦးနှင့် အဖွဲမှ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ အမည်မသိ တရားခံမှာ ဦးတိပွား (ခ) တင်အောင်စိုး (၃၅) နှစ် (ဘ) ဦးမြင့်အောင် ဖြစ်ကြောင်း သိရှိရပြီး ရဲအုပ်တင်ဦး၊ ဒုရဲအုပ်လှစိန်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်နိုင်စိုးနှင့် အဖွဲတို့မှ အုပ်စု (၃) ဖွဲ့ခွဲ၍ ပိတ်ဆို့ရှာဖွေ စုံစမ်းခဲ့ရာ ယနေ့ ဖေဖ၀ါရီလ ၆ ရက် နံနက် ၉ နာရီခန့်က တောင်ငူမြို့ (၁၁) ရပ်ကွက် နယ်မြေ (၉) ကျုံးပတ်လမ်းရှိ "ရွှေဝါ" စက်သုံဆီအရောင်းဆိုင်ရှေ့ လမ်းပေါ်တွင် တရားခံ ဦးတိပွား (ခ) တင်အောင်စိုးအား ဖမ်းဆီးရမိခဲ့ပါသည်။
---
အောင်အောင်ခိုင် 24News Toungoo မှ သတင်းပေးပို့ပါသည်။