Breaking News

လူရှစ်ယောက် သေဆုံးသွားခဲ့သည့် အမြန်လမ်း ကားမီးလောင်မှုတွင် The Speaker သတင်း ဓာတ်ပုံပါ ဦးခွန်ရန်နိုင်ဦးသည် ကားပေါ်မှ ဆင်းလာသူ မဟုတ် ၊ ကူညီရန် လာသူသာဖြစ်ကြောင်း ရှင်းလင်းပြောကြား News,


၂၁ ရက် နံနက် ၈ နာရီတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး လေးမိုင်တွင် Hiace အံစာတုံးကားမီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့သဖြင့် အဆိုပါကားမီး လောင်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက်ရှင်လွတ်မြောက်လာသူ ကိုအောင်ခန့်အား ဇန်နဝါရီ ၂၃ ရက်တွင် အမှတ် (၃) လမ်းဆုံ၊ အမြန်လမ်းရဲစခန်းတွင် စစ် ဆေးခဲ့ပြီး CID ဌာနသို့ လွှဲပြောင်းကာ တရားခံဟုယူဆထားသူ ကိုအောင်ခန့်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄ (က)/၃၃၈/၂၈၅ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ယခုအချိန်တွင် The Speaker ဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ ''လူ ၈ ယောက် သေဆုံးသွားသော အမြန်လမ်းကားမီးလောင်မှုတွင် ကားပေါ်မှ ဆင်းလာသူ နှစ်ဦးရှိဟု မျက်မြင်သက်သေများ ပြောဆို'' သတင်းနှင့် သတင်းဓာတ်ပုံ ကြောင့် အခင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ကာကံရှင်မိသားစုများနှင့် အများပြည်သူများအကြား စိတ်ဝင်စားမှု ပြန်လည်မြင့်တက်စေခဲ့သည်။ ယင်းအတွက်ဂျာနယ် နှင့် Online Media များတွင် မျက်နှာဖုံး ဖော်ပြခံရခြင်းနှင့် မှတ်ချက်၊ ထင်ကြေးအမျိုးမျိုးတို့ကြောင့် ထိခိုက်နစ်နာခဲ့သည့် မျက်နှာဖုံးဓာတ်ပုံပါ ဦးခွန်ရန်နိုင်ဦးနှင့် မိသားစုများက ဖလားဝါးနယူးစ်ဂျာနယ်သို့ ဆက် သွယ်ဖြေရှင်းခဲ့သည်။


အဆိုပါ သတင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး The Speaker ဂျာနယ်တွင် ဦးသိန်းထွန်း(မျက်မြင်သက်သေ)ဆိုသူက ''ကားရပ်တန့်သွားစဉ် ညာဘက်ခြမ်းမှ လူတစ်ဦးထွက်လာပြီး ဘယ်ဘက်ခြမ်းတွင်ရှိသော ကားတံခါးအား ဆွဲဖွင့်သော ကြောင့် နောက်ထပ်လူတစ်ဦး ထပ်မံထွက်လာခဲ့ကြောင်း ယင်းသို့ ထွက် လာခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကား၏အနောက်ဘက်သို့ အနည်းငယ် လမ်းလျှောက်သွားကာ စကားပြောဆိုနေကြောင်း၊ ကားမီးလောင်ပြီးတဲ့အချိန်မှာ လူငယ်တစ်ယောက်ရောက်လာတယ်။ အဲဒီလူငယ်က ဒီထဲမှာကျွန် တော့်ရည်းစား ပါသွားတယ်ဆိုပြီး ပြောတယ်။ အဲဒါကို တက်တူးနဲ့ကောင်လေးက အစ်ကို စိတ်ဖြေပါဗျာ၊ ဒီထဲမှာ ကျွန်တော့် ကောင်မလေးလဲ ပါသွားတယ်လို့ သူက အေးအေးဆေးဆေးပဲ ပြောတယ်။ အဲဒီ တော့ဗျာ သူ့ကောင်မလေးတောင် ပါသွားရင် သူဘာလို့မကယ်ရတာလဲ၊ ကျွန်တော်တို့လည်း အဲဒီအချိန်ကျမှအံသြမိတယ်'' ဟုလည်းကောင်း၊ ကားပေါ်မှဆင်းလာသည့် လူငယ်ပုံသဏ္ဌာန် များမှာ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားပြီး တစ်ဦးမှာ တက်တူးထိုးထားသည်များကို တွေ့ရှိရပြီး နောက်ထပ် တစ်ဦးမှာ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသည့်ပုံသဏ္ဌာန်ရှိပြီး သူဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီမှာ အနည်းငယ် ပိုမိုတောက်ပကြောင်း မျက်မြင်သက် သေက ၎င်းတွေ့ရှိချက် အား ပြော သည်။


ကားပေါ်မှာ နောက်ထပ်ဆင်းလာသည့် အမျိုးသားပုံသဏ္ဌာန်မှာ သေဆုံးသူ ဦးဝင်းထွန်း ဟုတ်၊ မဟုတ်သိရှိ စေရန်အတွက် ဦးဝင်းထွန်း၏ဓာတ်ပုံအား မျက်မြင်သက်သေများသို့ပြသရာ ဦးဝင်းထွန်း မဟုတ်ကြောင်း မျက်မြင်သက်သေများ အားလုံးက ပြိုင်တူထွက်ဆိုကြသည် ဟု ရေးသားဖော်ပြ ထားကြောင်း တွေ့ရသည်။ ထို့အတူ ဦးမြစံ (ခ) မောင်ငွေ (မျက်မြင်သက်သေ)ဆိုသူက ''သူတို့နှစ် ယောက် စကားပြောနေတဲ့အချိန် ကားက မီးမလောင်သေးဘူး။ သူတို့ စကားရပ် ပြောတဲ့အချိန်က သုံး၊ လေးမိနစ်လောက် ကြာတယ်။ ပြီးတော့မှ ညာဘက်ကလူက ကားကို ပတ်ပတ်လည်ကြည့်ပြီးတော့ ဘယ်ဘက်က ဆင်းလာတဲ့လူက သူဆင်းလာတဲ့တံခါးကို ပြန်ဖွင့်လိုက်တဲ့အချိန် ဟုန်းဆိုပြီး မီးခိုးဟပ်တဲ့ပုံစံ တွေ့လိုက်ရတယ်။ သူလည်း အနောက်ကို ပြန်ဆုတ်လိုက်တယ်။ မီးတော့မစွဲသေးဘူး။ မီးခိုးပဲထွက် သေးတယ်။ သူတို့နှစ်ယောက် ပြီးတော့ကားနဲ့ တော်တော်ဝေးတဲ့နေရာကိုသွားပြီး တက်တူး ရှိတဲ့လူငယ်က ဖုန်းအေးဆေး ပြောတယ်။ ပြီးတော့ သူကရပ်ကြည့်နေတယ်။ အဲဒီအချိန်မှာကားက မီးစွဲနေပြီ။ နောက်တစ်ယောက်ကတော့ ကားမီးခိုး တွေထွက်လာပြီး မီးနည်းနည်းပဲစွဲသေးတဲ့အချိန် လူတွေကလည်း ရောက်လာ တော့ ဘယ်ပျောက်သွားမှန်း မသိလိုက် ဘူး''ဟု ပြောဆိုချက်များ ကို ရေးသားဖော် ပြထားသည်။


ကားမတော်မဆ ဖြစ်သည့်အချိန်တွင် မျက်မြင်သက်သေများ၏ပြော ကြားချက်များအရ အရှေ့ကားတံခါးအား ဖွင့်နေခြင်းသည် အလိုအလျောက် ကားတံခါးများပိတ်သည်ဆိုသည့် အချက်များအားလည်းကောင်း၊ အောင်ခန့်နှင့် ကား ပေါ်က ဆင်းလာသူအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်းတို့သည် စိတ်ဝင်စားဖွယ် မေးခွန်းထုတ်စရာများပင် ဖြစ်လာခဲ့သည်ဟု သုံးသပ်ရေးသားချက်များကြောင့် မျက်ဖုံးဓာတ်ပုံပါ ဦးခွန်ရန်နိုင်ဦးနှင့် မိသားစုများက မဟုတ်မမှန် ပြောဆို၊ စွပ်စွဲ ရေးသားချက်များကြောင့် လူမှုရေးနှင့် မိသားစုဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုသည်။ ဂျာနယ်နှင့် Online Media တွင် မျက်နှာ ဖုံးဖော်ပြခံရခြင်းနှင့် မှတ်ချက်၊ ထင်ကြေးအမျိုးမျိုးတို့ကြောင့် ထိခိုက်နစ်နာခဲ့သည့် မျက်နှာဖုံးဓာတ်ပုံပါ ဦးခွန်ရန် နိုင်ဦးနှင့် မိသားစုများက ဖလားဝါးနယူးစ် ဂျာနယ်သို့ ပြောကြားရာတွင် ဦးခွန်ရန် နိုင်ဦး၏ဖခင် ဦးဝင်းထိန်က နောက်နောင်တွင် မဟုတ်မမှန် စွပ်စွဲပြောဆိုရေးသားပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ The Speaker  ဂျာနယ်နှင့် Online Media များတွင် မျက်နှာဖုံးဖော် ပြခံရခြင်းနှင့် မှတ်ချက်၊ ထင်ကြေးအမျိုး မျိုးတို့ကြောင့် ထိခိုက်နစ်နာခဲ့သည့် မျက် နှာဖုံးဓာတ်ပုံပါ ဦးခွန်ရန်နိုင်ဦးနှင့်မိသားစုများက ဖလားဝါးနယူးစ် ဂျာနယ်သို့ အောက်ဖော်ပြ ပါ အတိုင်း ရှင်းလင်းပြောကြားခဲ့သည်။

ခွန်ရန်နိုင်ဦး ( ကမ္ဘောဇဘဏ် )


ကျွန်တော့်နာမည်က ခွန်ရန်နိုင်ဦးပါ။ ကမ္ဘောဇဘဏ်မှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော် စတွေ့တာက ကျွန်တော့် အဖေရယ်၊ အမေရယ် ကျွန်တော့်မိသားစု ဒိုက်ဦးကိုပြန်တာ ခုနစ်နာရီခွဲလောက်က ရန်ကုန်က ပြန်သွားတဲ့အချိန်မှာ ရှစ်နာရီခွဲလောက်ကျတော့ လမ်းမှာ မီးခိုးတွေထွက်ပြီး မီးလောင်နေ တာ တွေ့ရပါတယ်။ ရှေ့ကကားတစ်စီးက ထိုးရပ်တော့ ကျွန် တော့်အဖေက ကားရပ်လိုက်ပါတယ်။ ရှေ့ကကားက မီးသတ်ဆေးဘူးယူပြီးတော့ သွားဖျန်းပေးတယ်။ မီးကတော့တအားမလောင်သေးဘူး။ ဆေးဘူးကသေးတော့ ဖျန်းဖို့မလွယ်တော့ သူက နောက်ပြန်လာတယ်။ ကျွန်တော်တို့အဖေက ကားပေါ် က ဆင်းပြီးတော့ ကားနားမှာပဲနေခဲ့တယ်။ ကျွန်တော်က ကားလမ်းကူးပြီးတော့ ဝိုင်းကူဖို့သွားတာ မီးလောင်နေတဲ့ကားနဲ့ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်တွေ့တာနဲ့ မေးကြည့်တယ်။



ဒီကားက မင်းတစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူး အစ်ကိုတို့ ကိုးယောက်လာတာတဲ့။ ပုဂံကပြန်လာတာ ညဘက်မောင်းလာတာလို့ ပြောတယ်။ ၃၉ မိုင်အထိ သူမောင်းလာတာ ဒီဘက်ကျမှ သေသွားတဲ့သူမောင်းတာ၊ ရှေ့ဘီးပေါက်သွားပြီး ဖောင်းခနဲမြည်တယ်။ လမ်းဘေးက ကာထားတဲ့ သံဘောင် တွေနဲ့တိုက်တော့ ကားတံခါးက နည်းနည်းဟသွားတော့ ဆင်းလာတာ၊ ကားက ဓာတ်ဆီကားဆိုတော့ မီးထလောင်တာလို့ပြောတယ်။ ကျွန်တော်ရောက်သွားတော့ ဘေးကလူတွေက အနားမသွားနဲ့ အန္တရာယ်ရှိတယ်လို့ပြောတယ်။ အထဲက ပေါက်ကွဲသံတွေ ကြားနေရတော့ အနားမကပ်နိုင် ဘူးဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့အခါ ကျွန်တော့်အနေနဲ့ ဝင်ကူညီချင်တာပေါ့။ မီးလောင်လာတာကလည်းများ၊ တဖောင်း ဖောင်းနဲ့ ပေါက်သံတွေများလာတော့ အဲဒီနားမှာပဲ ရပ်နေတယ်။ အောင်ခန့်ဆိုတဲ့ ကျန်ခဲ့တဲ့သူကို မီးသတ်ဆေးဘူးယူလာငြှိမ်းတဲ့သူက ညီလေး မင်းအိမ်ကို ဆက် သွယ်ပြီးပြီလား ဆိုတော့ ကျွန်တော့်ဖုန်းက ကားထဲမှာကျန်ခဲ့တယ်။ ကျွန်တော့်ဖုန်း မရှိတော့ဘူးတဲ့။ ကျွန်တော်က ဖုန်းပါသွားတော့ အစ်ကိုကျွန်တော့်ဖုန်းနဲ့ပြောလေဆိုပြီး ပေးပြောလိုက်တာ။ သူ့အမေဖုန်းနံပါတ်ကို ကျွန်တော်ရိုက်ထည့်ပြီး ခေါ် ပေးလိုက်တာ သူ့အမေနဲ့ပြောတော့ သူ့ကောင်မလေးလည်း ပါသွားတယ် လို့ပြောတယ်။ သူ့ကောင်မလေးအိမ် ပြောခိုင်းတာလား ဘာလားမသိတော့ နားမထောင်ဘဲ ခပ်လှမ်းလှမ်းလေးမှာနေတယ်။



ဖုန်းပြောပြီးတော့ ညီလေး အစ်ကို့ကို ခဏ စောင့်ပါဦး အမေက ဒီဖုန်းကို ပြန်ခေါ်မှာမို့လို့ ပြောပါတယ်။ ရပါတယ်ဆိုပြီး နာရီဝက်လောက်စောင့်ပေးပါတယ်။ စောင့်နေတော့ ကျွန်တော့်ဖုန်းကို သူ့အိမ်က ပြန်ခေါ်တယ်။ ဖုန်းပြောရင်း ကြာနေတာပေါ့။ ဖုန်းပြောပြီးတော့ တစ်နာရီလောက် ကြာတော့ မီးကများ လာတယ်။ တစ်နာရီခွဲလောက်ကြာတော့ မီးသတ်ကားတွေ ရောက်လာတယ်။ ရဲကားတွေရောက်လာတယ်။ ရဲတွေဘာတွေမေးတာကို သူ ဖြေနေတော့ ကျွန်တော်လည်း သွားမကြည့်တော့ဘူး။ ဒီဘက်မှာပဲ ကျွန်တော့်ဘာသာ ကျွန်တော် နေတော့တယ်။ ရဲတွေဘာတွေမေးတာဖြေပြီးတော့ သူ့အိမ်က ဖုန်း ဝင်လာတယ်။ သူ့ကို ဖုန်းပေးလိုက်တယ်။ သူ့အိမ်ကို ဘယ်နားမှာလောင် တယ်ဆိုတာ ပြောပြနေတယ်။ သူဖုန်းပြောပြီးတော့ ကျွန်တော့်ကို ဖုန်းပြန်ပေးတယ်။ ကျွန်တော် ခရီးသွားစရာရှိလို့ ကျွန်တော်ပြောပြတယ်။ သူက ကျွန်တော့်ကို ကျေးဇူးပဲ ညီလေးလို့ ပြောပါတယ်။ နောက် ဖုန်းဆက်စရာရှိရင် ဒီ့ပြင် ဖုန်းနဲ့ ဆက်တော့မယ်လို့ ပြောတယ်။ ကျွန်တော့်အဖေနဲ့အမေရှိတဲ့ကားဆီကိုသွားပြီးတော့ ခရီးဆက်ခဲ့ပါတယ်။ နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ သူ့အမေက ကျွန်တော့်ဖုန်းကို ဖုန်းပြန်ဆက်တယ်။ အဲဒီမှာ ကျွန်တော်က အန်တီ ကျွန်တော်တို့က ခရီးဆက်သွားနေပြီ။ အစ်ကိုကတော့ အဲဒီနေရာမှာ ကျန်ခဲ့တယ်လို့ သူ့သားရော ဘာ ဖြစ်သွားသေးလဲလို့ ထပ်မေးတယ်။ ဘာမှမဖြစ်ဘူး၊ ကျန်တဲ့လူတွေတော့ အားလုံးသေသွားတယ်လို့ ပြောပြလိုက်တယ်။ ကိုယ်သိသလောက်ပဲ ပြောပြလိုက်တာ ပေါ့။





သူ့အမေတို့နဲ့ဆက်သွယ်တဲ့ ဖုန်းနံပါတ်တွေတော့ ကျွန်တော့်အမေက မလိုအပ်တော့ရင် ဖျက်ချင်ဖျက်ပစ်လိုက်ဆိုလို့ ဖျက်ပစ်လိုက်ပြီ။ အဲဒီဖုန်းနံပါတ်တွေတော့ မရှိတော့ဘူး။ သူတို့အပြောတော့ သင်္ဃန်းကျွန်း နားမှာနေတယ် ပြောတယ်။ အခုThe Speaker Journal မှာ ပါ လာတာကိုတော့ ဖေ့စ်ဘွတ်ခ် မှာ ပါလာတာကို ညီမက အရင်တွေ့တာ၊ ကျွန်တော်က နောက်မှသိတာ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က နန်းစုမွန်ထွေးက နင့်ညီမလား၊ ဒီမှာ နင့်ပုံကြီးပါလာတယ်လို့ပြောမှ သိတာပါ။ အမေက ညကျတော့ ဖုန်းဆက်တယ်။ ဘာမှဆက်မလုပ်နဲ့ဆိုလို့ ဒီအတိုင်းထားတာ။ အမှန်တော့ ကျွန်တော်က ကူညီဖို့ သွားခဲ့တဲ့ သူပါ။ အခုလိုမျိုး မတရားစွပ်စွဲပြီး မမှန်မကန်ရေးတာ၊ ပြောတာမျိုးဖြစ် တော့ အတော်စိတ်မကောင်းပါဘူးဗျာ။



ဦးဝင်းထိန် ( ခွန်ရန်နိုင်ဦး၏ ဖခင် )

ရန်ကုန်ကထွက်လာပြီးတော့ ရှစ်နာရီကျော် ကျော်လောက်မှာ လေးမိုင် နှစ်ဖာလုံရောက်တော့ ကားမီးလောင်နေတာတွေ့တယ်။ အဲဒီမှာ ကျွန်တော်တို့က ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်တယ်။ ကားကမီးလောင်နေပြီး ကျွန်တော့်မိန်းမက ကားပေါ်မှာပါ။ ကျွန် တော်နဲ့ ကျွန်တော့်သားက အောက်ဆင်း ကြည့်တယ်။ ကျွန်တော့်သားက ကူညီနိုင်ရင် ကူညီရအောင်ဆိုပြီး အလယ်ကျွန်းကို ကူးသွားတယ်။ ဘာမှကူညီလို့မရဘူး။ ကျွန်တော်တို့ရှေ့မှာရပ်ထားတဲ့ ကားတစ်စီးက လူက မီးသတ်ဘူးနဲ့ ငြှိမ်းတယ်။ ဘယ်လိုမှ ငြှိမ်းလို့မရဘူး။ လွတ်သွားတဲ့လူက ဖုန်းဆက်ချင်လို့ဆိုလို့ ကူညီပေးပြီး ပြန်ထွက်လာတာ ဒါပဲရှိတယ်။ အခုဟာက ဘာဖြစ်နေလဲဆိုတော့ ဂျာနယ်မှာပါတာ ကျွန်တော့် သားပုံ ပါနေတယ်။ မျက်နှာကိုလည်း ဝိုင်းပြထားတယ်။ အင်္ကျီအမည်း နဲ့ မျက်မှန်နဲ့ ခေါင်းမှာ ဒဏ်ရာတောင်ရှိသေးတယ်။ အဲဒီမှာ အသက်ရှင်ကျန်ခဲ့တဲ့သူက ဖုန်းဆက်ချင်လို့ စောင့်ပေးပါဆိုလို့ စောင့်နေရတာလို့ ပြောတယ်။ နာရီ ဝက် တစ်နာရီလောက် ကြာတယ်။ အခုဟာက ကျွန်တော့်သားကိုပဲ ဟိုဘက်ကပါသလိုလို ရေးထားတာ၊ အမှန်က တော့ ကူညီနိုင်ရင်ကူညီရအောင်ဆိုပြီး ဝင်ကူညီတာ။ မီးလောင်နေ တော့ ဘာမှကို မကူနိုင်ဘူး။ ဖုန်းဆက်ဖို့ပဲ အကူအညီပေးနိုင်တာ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်ကို တောင်ငူ စီအိုင်ဒီ က ခေါ်ယူ စစ်ဆေးမေးမြန်းတာမျိုးတော့ ရှိတယ်။ အခု ဂျာနယ်မှာရေးထားတာ တွေ ဖေ့စ်ဘွတ်ခ်မှာရေးထားတာတွေက ကျွန်တော့်သားကို တစ်ဖက် သတ် စွပ်စွဲနေသလိုမျိုးဖြစ်နေတယ်။ ကျွန်တော့်သားက ကူညီဖို့သွား တာ။ ကျန်ခဲ့တဲ့သူက သူ့မှာ ဖုန်းမရှိတော့ ဖုန်းကူညီတာပဲရှိတယ်။ ဘာမှမပတ် သက်ဘူး။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် နောက်တစ်ခါ မမှန်မကန် မတရားစွပ်စွဲရေးသားရင်တော့ ဥပဒေကြောင်းအရ တရားစွဲဆိုသွားမှာပါ။



ဒေါ်စန်းစန်းအေး ( ခွန်ရန်နိုင်ဦး၏မိခင် )

ကျွန်မက ဒေါ်စန်း စန်းအေးပါ။ ခွန်ရန်နိုင်ဦးရဲ့ အမေပါ။ ကျွန်မတို့က ရန် ကုန် ပြန်လာတာပါ။ စနေ နေ့ပေါ့။ သားကြီး ပြန်ခေါ်လာတာပါ။ အိမ်မှာက ဇော်ငုံးပန်းတွေစိုက်ထားလို့ ပန်း တွေ ရေလောင်းကူဦးဆိုပြီး ပြန်ခေါ်လာတာပါ။ သူ့အဖေက ကုမ္ပဏီကနေပြန်မယ်ဆိုတော့လာတယ်။ လိုင်းကားနဲ့ မပြန်ဖြစ် ဘဲ သူ့ကားနဲ့ ပြန်လာဖြစ်တာ။ လမ်းမှာ ဘာဖြစ်သလဲဆိုပြီး ကြည့်လိုက်တော့ မီးခိုးတွေအူပြီး ကားကြီးမီးလောင် နေတာ တွေ့တယ်။ ကားကို ဝေးဝေးကျော်ရပ်တယ်။ တော်ကြာ မီး လောင်နေတဲ့ကားက ထပေါက်မှာစိုးလို့ ကျော်ရပ်တာ၊ ကြောက်စရာ ကောင်းတယ်။ လမ်းမှာလည်း ကားနှစ်စီးသုံးစီး ရပ်နေ ပြီ။ ရှေ့ကားက ဦးလေးကြီးက မီးသတ်ဘူးလေးနဲ့ ပြေးလာတာတွေ့တယ်။ ကျွန်မယောက်ျားက ကားနားမှာပဲ နေတယ်။ သားကြီးက အလယ်ကျွန်းဘက်နေသွား တော့ အဲဒီမီးလောင်နေတဲ့ ကားဘက်ကိုရောက်သွားရော အသက်ရှင် ကျန်တဲ့လူက သားနဲ့စကားပြောနေတာ၊ မီးတောက်ကလည်း ကြီး လာ တော့ ဘာမှလုပ်လို့မရတော့ဘူး။ မီးသတ်ဘူးယူသွားတဲ့ ဦးလေးလည်း ဘာမှလုပ်လို့မရတော့ဘူး။ အဲဒီမှာ သားကြီးက အသက်ရှင်ကျန်နေတဲ့ လူကို ဖုန်းပေးဆက်နေတာတွေ့တယ်။ ကျွန်မ ကားပေါ်မှာကျန်နေခဲ့တာ။ ကျွန်မကို သားကြီးဖုန်းဆက်ပြောတယ်။ နာရီဝက်လောက် စောင့်ဖို့ ပြောတာ၊ အစ် ကိုကြီးက သူ့ဖုန်းက ကားပေါ်ကျန်နေခဲ့လို့ သူ့ဆီက ဖုန်းတွေပြန်လာရင် သားဆီမှာလာမှာမို့လို့ဆိုပြီး ပြောတယ်။ ကျွန်မကလည်း စောင့်ပေးလိုက်။ ရတယ်လို့ပဲပြောလိုက်တာပါ။ အဲဒီနားမှာ တော်တော်ကြာသွားတယ်။ ပြီးတော့ ပြန်လာတယ်။ ရဲတွေရောက်ပြီး မီးငြှိမ်းပြီးမှ ပြန်လာတာပါ။ ကားပေါ်ရောက်တော့မှ သူ့အမေ ထပ်ဆက်သေးတယ်။ သားကြီးက သားတို့က ခရီးသွားမလို့ ပြန်လာပြီ၊ အစ်ကို ကြီးက အဲဒီနားမှာရှိတဲ့ဖုန်းနဲ့ ဆက်မယ်လို့ ပြောတယ်လို့ ပြန်ပြောလိုက်တယ်။ ရတယ် ညီလေးပြန်တော့ဆိုလို့ သားကပြန်လာပြီဆိုတော့ အစ်ကိုကြီးက ဘာဖြစ်သွားသေးလဲလို့ သူ့အမေ က မေးတော့ အစ်ကိုကြီးက ဘာမှမဖြစ်ဘူးဆိုတော့ သူ့အမေက ကျေးဇူးတင်ပါတယ်လို့တောင် ပြော သွားပါသေးတယ်။ အခုဟာက ဂျာနယ်နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တက်တဲ့ပုံတွေ ကြည့်ပြီး ဒီလူက အခုမှ ရင်းနှီးတာမဟုတ်ဘူး။ နဂိုကတည်းက ရင်းနှီးတာဖြစ်မယ်လို့ ပြောထားတာတွေက မဟုတ်ဘူး၊ ကျွန်မတို့ သားက ခရီးသွားရင်း ကြုံလို့ကူညီတာပါ။ သူတို့နဲ့ ဘာမှမပတ်သက်ဘူး။ ကျွန်မတို့ မိသားစုက မီးလောင်နေတဲ့ကားကြီး မီးငြိမ်းသွားမှ ပြန်လာတာပါ။ ဂျာနယ်ထဲမှာ သားကြီးပါလာတာကို စိတ်မကောင်းတာပါ။ မမှန်မကန် ရေးတာတွေ စွပ်စွဲတာတွေ တွေ့ရတော့ သိက္ခာကျတာပေါ့။



နန်းစုမွန်ထွေး( ခွန်ရန်နိုင်ဦး၏ညီမ )

'အဲဒါ ငါ့အစ်ကိုပါဟယ်။ အဲဒီနေ့က အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ် ရန်ကုန်ကနေ ဒိုက်ဦးကို ပြန်တာ လမ်းမှာကားအက်ဆီးဒင့် ဖြစ်တာတွေ့ လို့ အဖေတို့ ရောက်သွား တော့ ကားကမီးလောင်နေပြီတဲ့။ ကားရပ်ပြီး ကူညီတာ အဲဒီ အောင်ခန့်ဆိုတဲ့လူက သူ့အိမ်ကိုဖုန်းဆက်ချင်လို့ပါဆိုပြီး အကူညီတောင်း လို့ ဖုန်းပေးဆက် နေတာပါ။ လူတွေကလည်းလေ သေချာ တိတိကျကျမသိဘဲ တွေ့ရာ မြင်ရာ ပြောချင်ရာ စွပ်စွဲပြီး လျှောက်ပြော နောက်ဆို သူများဒုက္ခ ရောက်ရင်တောင် မကူညီရဲတော့လောက်အောင်ပဲ သတင်းကိုလည်း မှန်လား၊ မမှန်လားမသိဘဲ အဲဒီလိုပဲ ဂျာနယ်တွေထဲလျှောက်ထည့်ကြ တာပဲလား။ လူတွေကလည်းနော် ရမ်းတုတ်ဖို့လောက်ပဲတတ်တယ်။ ဒုက္ခရောက်လို့ မကူညီပြန်ရင်လည်း မကောင်း ကူညီပြန်ရင်လည်း အမှုပတ်ဦးမယ်။ အဲဒါကြောင့် ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ဆိုတာလေ'ဟု  ခွန်ရန်နိုင်ဦးညီမက ယင်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။

ထို့အတူ လူရှစ်ဦးသေဆုံးခဲ့သည့် အမြန်လမ်း ကားမီး လောင်မှုတွင် ကွယ်လွန်သူ ဒေါ်သင်းသင်းမော်၏ခင်ပွန်း ကိုအောင်ကိုဦးနှင့် ဆက်သွယ်မေးမြန်းရာတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။



ကိုအောင်ကိုဦး ( ကွယ်လွန်သူ ဒေါ်သင်းသင်းမော် ၏ ယောက်ျား )

''မျက်မြင်တွေက စတိုက်ကတည်းကိုက အဲဒီနားမှာရှိနေတာ မျက်စိနဲ့တပ်အပ်မြင်တယ်။ ညာဘက်က တစ်ယောက်ဆင်းတယ်။ ဘယ်ဘက်က တစ်ယောက်ဆင်းတယ်။ သူတို့ကားနားမှာ ရပ်ပြီးဖုန်းပြောတယ်။ ငါးမိနစ်လောက်နေပြီးတော့ ဘယ်ဘက်ဆင်းတဲ့ကောင်က ကားနားသွားတယ်။ ရှေ့ခေါင်းခန်းက ဘာယူလာလဲမသိဘူးတဲ့၊ ဟုတ်ခနဲ မီး လောင်လာတော့မှ နောက်ကိုပြန်ဆုတ်လာတယ်လို့ ပြောတယ်။ ရှေ့ ခန်းပဲ လောင်နေတာ သုံးမိနစ်လောက်ကြာတယ်တဲ့။ အဲဒါက မျက်မြင်သက်သေတွေ ကိုယ်တိုင်ပြောတာ။ လူလည်းများလာရော ဘယ်ဘက်ကကောင်က ပျောက်သွားပြီး ညာဘက်ကကောင်က ကျန်နေတာ။အဲဒီကောင်ကလည်းမကယ်ဘူး။ ဒီအတိုင်းပဲရပ်ကြည့်နေတာ၊ သူသာကယ်ဖို့ အကူအညီတောင်းရင် ကယ်ဖို့အဆင်သင့်ပဲတဲ့။ ဓာတ်ပုံထဲက အဲဒီကောင်က ကားပေါ်ကဆင်းလာတာ သူမဟုတ်ဘူးလို့ ပြောတယ် လေ။ ကားပေါ်ကဆင်းလာတယ်ဆိုတဲ့သူက သေတဲ့လူရှစ်ဦးနဲ့ ကျန် နေတဲ့ အောင် ခန့်က အရင်ကတည်းက သိသလား၊ မသိဘူးလားဆိုတာ တော့ မသိဘူး။ နေပြည်တော်က ခေါ်လာတာလား၊ လမ်းကြုံတင်လာတာလား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တံခါးကတော့ ဘယ်ဘက်တံခါးလည်း ပွင့်နေတယ်။ ညာဘက်တံခါးလည်း ပွင့်နေတယ်။ ဆင်းလာတာက နှစ်ယောက်။ သူတို့က ကားမီးလောင်နေတဲ့ အချိန်ရောက်မှ ရောက်လာတာ၊ အဲဒါဆို မဟုတ်လောက်ဘူး။ သေချာတာက ကားပေါ်က ဘယ်ဘက်က တစ်ယောက်ဆင်းတယ်။ ညာဘက်က နှစ်ယောက်ဆင်းတယ်။ နှစ်ယောက် ကားပေါ်မှာပါလာတယ်ဆိုတာ သေချာတယ်။


မျက်မြင်သက်သေတွေဆိုတာကလည်း ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိဘူး။ အခုမှ ပေါ်လာတာဆိုတော့ တရားခံဘက်ကနေ ကာဗာလုပ်တယ်လို့ထင်တယ်၊ ယူဆတယ်။ ကျွန်တော်တို့ကို အကူအညီ ပေးချင်တယ်ဆိုရင် အခုမှ ဘာလို့သက်သေထွက်ဆိုတာလဲ သူတို့ကိုအယုံအကြည်မရှိဘူး။ သူမ ဟုတ်ပါဘူးလို့ပြောတဲ့လူနဲ့ ကျွန် တော် ဆုံချင်တာ အရမ်းတွေ့ချင်တာ။ ဘယ်အချိန်က စတွေ့တာလဲ၊ ဘယ်လိုစဖြစ်တာလဲဆိုတာ ကျွန်တော် စိတ်ဝင်စားနေတယ်။ သူနဲ့အမြန်ဆုံး တွေ့ချင်နေပါတယ်''ဟု ပြောကြားခဲ့သည်။  ဖေဖော်ဝါရီ ၈ရက်တွင် စီအိုင်ဒီရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲ အရာရှိတစ်ဦးက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင် နှစ်ဖာလုံခန့်တွင် ရှစ်ဦးသေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုဖြစ်ပွားစဉ်က Toyota Hiace ကားပေါ်မှ နှစ်ဦးဆင်းလာသည်ဆိုခြင်းမှာ မဟုတ်မှန် ကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့ပြီးဖြစ်သည်။  ထို့အတူ စီအိုင်ဒီမှ ရဲမှူမိုးအောင်က ''မီးလောင်သွားတဲ့ ကားပေါ်က ဆင်းလာတာတစ်ယောက်တည်းပါ။ အဲဒီလူက အောင်ခန့် ဆိုတဲ့ ယာဉ်မောင်းပဲ။ အခင်းဖြစ်ချိန်မှာ ဝင်ကူနေတဲ့လူတွေကို ကား ပေါ်က ဆင်းလာတဲ့သူတွေလို့ထင်ပြီး စိတ်မှန်းတွေနဲ့ ပြောနေကြတာ ပါ''ဟု The Voice ဂျာနယ်သို့ ပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။




အောင်သိန်းဝင်း( မြောင် )

#thefloewernews