ဘားအံထောင်ဖောက်မှု ထောင်မှူးနှင့်ဝန်ထမ်းများကို စစ်ဆေး၊ အကျဉ်းသား ၂၁ ဦး ပြန်လည်ဖမ်းမိရာတွင် နှစ်ဦးသေဆုံး

ဘားအံအကျဉ်းထောင် မှ အကျဉ်းသားများထွက်ပြေးမှု ကြောင့် ထောင်မှူးနှင့်ဝန်ထမ်း များကို စစ်ဆေးနေပြီး ထွက်ပြေး အကျဉ်းသား ၄၂ ဦး အနက် ၂၁ ဦးပြန်လည်ဖမ်းမိထားရာ နှစ်ဦး ကို အသေဖမ်းမိခဲ့သည်။
စက်တင်ဘာ ၁၆ ရက်နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထောင် ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျ ကျော်မိန်လဆိုသူက ဦး ဆောင်ကာ အကျဉ်းသားများက ထောင်ပိုင်အမှိုက်ကားကို လုယူ ထွက်ပြေးခဲ့ရာ စက်တင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ၂၁ ဦး (သေ ဆုံးသူနှစ်ဦး) ပြန်လည်ဖမ်း မိထားကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ် မိုးက ပြောသည်။ စက်တင်ဘာ၁၆ ရက်တွင် ထွက်ပြေးအကျဉ်းသား၄၁ ဦးဟု ထုတ်ပြန်ရာမှ စက်တင်ဘာ ၁၇ ရက်တွင် တစ်ဦးထပ်မံတိုး၍ ၄၂ ဦးဟု ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘၂၁ ဦးပြန်မိထားတယ်။ ဖမ်းရင်းဆီးရင်း ရတဲ့ဒဏ်ရာနဲ့ နှစ်ဦးသေဆုံးတယ်။ အကျဉ်းသား ကတော့ အသာတကြည်အဖမ်း မခံဘူး။ ပြေးတယ်။ လွှားတယ်။ ပြန်လုပ်တယ်။ ကျန်နေတဲ့သူတွေ ကိုလည်း အာရှလမ်းတောက် လျှောက်၊ ဘားအံတစ်ဝိုက် မိုင် ၂၀ ကို အကုန်ပတ်ရှင်းနေတယ်’’ ဟု စက်တင်ဘာ ၁၇ ရက်ည ၉ နာရီခန့်ကပြောသည်။

ဘားအံ အကျဉ်းထောင် ဖောက်မှုကို ပြည်နယ်အစိုးရအဖွဲ့ ၏ စက်တင်ဘာ ၁၈ ရက်အစည်း အဝေးတွင် ဆွေးနွေးခဲ့သည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန် တိုင်းရင်းသားရေးရာဝန်ကြီး ဦး မင်းတင်ဝင်းက ပြောသည်။ ထောင်မှူးနှင့် ၀န်ထမ်းအဆင့် ဆင့်ကိုလည်း အကျဉ်းဦးစီးဌာန (နေပြည်တော်)က စစ်ဆေးနေ ကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အကျဉ်းဦးစီးဌာနရဲ့ လုပ် ပိုင်ခွင့်ဘောင်ထဲကနေ စစ်ဆေး နေပါပြီ။ အရေးယူမှုက နောက် ကပါလာမှာပါ’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အငြိမ်းစားထောင်မှူးကြီး ဦးခင်မောင်မြင့်က ‘‘ဘားအံအ ကျဉ်းထောင် ထောင်မှူးဦးခင် မောင်ဝင်းကို နေအိမ်အကျယ်ချုပ် ချုပ်ထားတယ်လို့ ကျွန်တော်တို့သိ ရတယ်။ ကျန်တဲ့ဝန်ထမ်းတွေ၊ အ ရာရှိတွေကိုလည်းပဲ ထိန်းသိမ်းပြီး စစ်ဆေးနေပြီး အကျဉ်းထောင်ရဲ့ လတ်တလော အုပ်ချုပ်ရေးကို တော့ နေပြည်တော်က ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့ အရာရှိဝန်ထမ်းတွေ၊ အဖွဲ့တွေ က လွှဲပြောင်းရယူထားပြီး ထောင် ရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကို ဆောင်ရွက်နေတယ်လို့ အကြမ်း ဖျင်းသိထားပါတယ်’’ ဟု ပြော သည်။

ဘားအံအကျဉ်းထောင်မှ အ ကျဉ်းသား ၄၀ ကျော်ထွက်ပြေး လွတ်မြောက်သွားမှုကို ပြည်သူ လူထုက အပြင်းအထန်ဝေဖန်နေ ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းက လည်း အကျဉ်းဦးစီးဌာနတာဝန် ရှိသူများသည် အလွန်ပေါ့လျော့ ခဲ့သည်ဟုဆိုသည်။

‘‘ဘားအံဖြစ်ရပ်က တော် တော်ဆိုးရွားတယ်။ အကျဉ်းသား ၄၀ လောက်တစ်ပြိုင်နက် ကားနဲ့ တံခါးတွေကို တိုက်ပြီးထွက်ပြေး တာဆိုတာ။ ကျွန်တော်တို့တစ်ခါ မှ မကြားခဲ့ဖူးဘူး။ အကျဉ်းထောင် တံခါးဆိုတာ အင်မတန်ခိုင်ခံ့ပြီး ဒါမျိုးတိုက်ပြီး ထွက်ပြေးဖို့လွယ် တဲ့ကိစ္စမဟုတ်ဘူး။ သေချာစနစ် တကျစုံစမ်းစစ်ဆေးပြီး တာဝန်ရှိ တဲ့သူတွေ တာဝန်ခံမှု၊ တာဝန်ယူ မှုရှိဖို့လိုတယ်’’ ဟု အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း(AAPP)ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

ဘားအံအကျဉ်းထောင်မှ အ ကျဉ်းသားများထွက်ပြေးလွတ် မြောက်မှုကို ပြည်ထဲရေးဝန်ကြီး ဌာနက စက်တင်ဘာ ၁၇ ရက် နေ့လယ်တွင် ပထမအကြိမ် သတင်းထုတ်ပြန်ခဲ့သည်။ ဘားအံ အကျဉ်းထောင်မှ လက်ထောက် ကြီးကြပ်ရေးမှူး(၁)ဦးစိုးဝင်းဦးစီး အဖွဲ့က အကျဉ်းထောင်ဝင်းအ တွင်းရှိ ၀ိဝေကာရီဓမ္မာရုံတောင် ဘက်စိုက်ခင်းရှိ အမှိုက်များသိမ်း ပြီး အကျဉ်းထောင်ဝန်ထမ်းဒုတပ် ကြပ်ကျော်ဝင်းစိန်မောင်းနှင် သည့် Mazda Titan ယာဉ်ပေါ်၌ အကျဉ်းသား ၂၀ ဦးတင်ဆောင်၍ ပြန်လည်ထွက်ခွာစဉ် ကျော်မိန်လ (ခ)အရှောင်(ခ)ကျော်ဖကုလား (ခ)မိန်လက ယာဉ်မောင်းကို ဆွဲချထိုးကြိတ်ကာ ယာဉ်ကို လု ယူမောင်းနှင်ပြီး ထောင်အတွင်းရှိ ထောင်တံခါးလေးဆင့်အားတိုက် ဖွင့်၍ ထွက်ပြေးခဲ့ကြောင်း၊ ထို့ နောက် အကျဉ်းသား ၂၁ ဦးနှင့် အပြင်ဘုတ်မှ တစ်ဦးတို့ထပ်မံ ထွက်ပြေးခဲ့သဖြင့် စုစုပေါင်း အ ကျဉ်းသား ၄၂ ဦးထွက်ပြေးခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သည့်ဖြစ်စဉ်ကိုဘား အံအကျဉ်းထောင်မှ လထကြီး ကြပ်ရေးမှူး(၁)ဦးအောင်နိုင်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄/၁၁၄ (ဥပဒေနှင့်အညီချုပ်ထားရာမှ ထွက်ပြေးမှု၊ အားပေးကူညီမှု)၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (တာဝန် ထမ်းဆောင်နေသာပြည်သူ့ဝန် ထမ်းအား ဟန့်တားရန်အပြင်းအ ထန်နာကျင်စေမှု)၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု၊ ပပက၆(၁)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ကျော်မိန်လ ကိုဖမ်းဆီးစဉ် ပြန်လည်ခုခံထွက် ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၀ဲဘက်ပခုံးတွင်ကျည်ထိမှန် ဒဏ် ရာများရရှိ၍ ဘားအံမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းခရီး၌ သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ သို့သော် သေဆုံးသူ ကျန်တစ်ဦးအကြောင်း အသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေး ပေ။

Credit :www.7daydaily.com

Loading...

Facebook Comments